A d v e r t i s e m e n t With Us

မန်ယူ – ခရစ္စတယ်ပဲလေ့စ် အက်ဖ်အေဗိုလ်လုပွဲ ပွဲကြို

HARTLEPOOL, ENGLAND - DECEMBER 05: The FA Cup trophy on display ahead of the FA Cup Second Round match between Hartlepool United and Blyth Spartans at Victoria Park on December 5, 2014 in Hartlepool, England. (Photo by Mike Hewitt/Getty Images)
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ဖလား ဗိုလ်လုပွဲအဖြစ် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတို့ မေ ၂၁ ရက်မှာ ကစားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ရှေးအကျဆုံး ဘောလုံးပြိုင်ပွဲတခုဖြစ်တဲ့ ၁၃၅ ကြိမ်မြောက် ဗိုလ်လုပွဲကို လန်ဒန် ၀င်ဘလေကွင်းမှာ ကစားကြမှာဖြစ်ပါတယ်။ ကမ္ဘာတ၀န်း လူ သန်း ၄၀၀ လောက်ကြည့်မယ့် ဗိုလ်လုပွဲမှာ ၂ မိနစ်နဲ့ ၅၀ စက္ကန့်ကြာ ဖျော်ဖြေရမှာကို စိတ်လှုပ်ရှားနေတယ်လို့ ရက်ပ်အဆိုတော် တင်နီတန်ဖက ပြောပါတယ်။ ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းဟာ ၂၀၁၆ အက်ဖ်အေ ကွန်မြူနတီ ဒိုင်းပြိုင်ပွဲနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ မန်ယူသာ ဗိုလ်စွဲခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ် ပြိုင်ပွဲ အမှတ်ပေး နံပါတ် ၅ နေရာနဲ့ ဘောလုံးရာသီကို အဆုံးသတ်ပြီး  ဥရောပ ဘောလုံးပြိုင်ပွဲဝင်ခွင့် ရထားပြီး ဖြစ်တဲ့ အတွက် ခြေစစ်ပွဲ မအောင်မြင်သေးတဲ့ ၀က်စ်ဟမ်းအသင်းက ယူရိုပါလိဂ်မှာ ၀င်ကစားဖို့ အခွင့် အရေး ရရှိမှာ ဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာလည်း ပဲလေ့စ်က နံပါတ် ၁၅ နဲ့ ဒီနှစ်ဘောလုံးရာသီကို အဆုံးသတ်ထားပါတယ်။ ယေဘုယျသဘော သုံးသပ်ရမယ်ဆိုရင်တော့ အက်ဖ်အေဖလားဟာ မန်ယူရော ပဲလေ့စ်အတွက် ဒီနှစ်ဘောလုံးရာသီမှာ မျှော်လင့်လို့ရတဲ့ တလုံးတည်းသော ဆုဖလားဖြစ်တဲ့ အတွက် ၂ သင်းလုံးက အကြိတ်အနယ် ကစားမှာတော့ အသေအချာပါပဲ။ အက်ဖ်အေဖလားနဲ့ ပတ်သက်ပြီး မန်ယူနဲ့ ပဲလေ့စ်အသင်းတွေရဲ့ အခြေအနေ ရပ်တည်မှု အချက်အလက်နဲ့ ဘောလုံးပွဲကျွမ်းကျင်သူတွေရဲ့ ဒီပွဲအပေါ် သုံးသပ်ချက်ကို တင်ပြပေးချင်ပါတယ်။ အက်ဖ်အေဖလား သမိုင်းကြောင်း ပထမဆုံးအနေနဲ့ အက်ဖ်အေဖလား ဘောလုံးပြိုင်ပွဲ သမိုင်းကြောင်းအရဆိုရင် မန်ယူက ၁၈ ကြိမ် ဗိုလ်လုပွဲ ရောက်ဖူးပြီး ၁၁ ကြိမ် ဗိုလ်စွဲထားပါတယ်။ ၂၀၀၇ ခုနှစ်က အက်ဖ်အေဖလား ဗိုလ်လုပွဲကို နောက်ဆုံးရောက်ရှိခဲ့ပြီး ချဲလ်ဆီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။ ၂၀၀၄ ခုနှစ် ကာဒစ်မီလီနီယမ်ကွင်းမှာ မီဝေါလ်နဲ့ ကစားတဲ့ပွဲမှာတော့ မန်ယူက ၃ ဂိုးဂိုးမရှိနဲ့ အနိုင်ရပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာ နောက်ဆုံးဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ အက်ဖ်အေဖလားကို ၁၉၉၀ ခုနှစ်က ဗိုလ်လုပွဲရောက်ခဲ့ပြီး မန်ယူနဲ့ ကစားရမှာ ပထမအကျော့မှာ ၃ ဂိုးစီသရေကျခဲ့လို့ ဒုတိယအကျော့ ပြန်ကစားရာမှာတော့ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ သမိုင်းကြောင်းအခြေအနေကတော့ မန်ယူက အသာရနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အက်ဖ်အေပြိုင်ပွဲ ဖြတ်သန်းမှု ဒီအသင်း  ၂ သင်းရဲ့ ဒီနှစ် အက်ဖ်အေဖလားပြိုင်ပွဲ ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင်တော့ ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ အတွက် ဒီနှစ်ပြိုင်ပွဲမှာ တတိယအဆင့်ကနေ စတင် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ မန်ယူကတော့ ရှက်ဖီးယူနိုက်တက်၊ ဒါဘီ၊ ရှရှုးဘူရီတောင်းတို့ကို အနိုင်ရရှိခဲ့ပါတယ်။ ဒီနောက် ဆဋ္ဌမ အဆင့်မှာ ၀က်စ်ဟမ်းကို အိမ်ကွင်း အဝေးကွင်း ၂ ပွဲကစား ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး  ဆီးမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ အဲဗာတန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက် လာတာ ဖြစ်ပါတယ်။ မန်ယူက ပြိုင်ပွဲတလျှောက်မှာ ပရီးမီးယားလိဂ် ကလပ် ၂ သင်းကို ရင်ဆိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ပဲလေ့စ်ကတော့ ဆောက်သမ်ပတန်၊ စတုတ်၊ တော့တင်ဟမ်ဟော့စပါး၊ ရီဒင်းတို့ကို ကစားပြီး ဆီမီး ဖိုင်နယ်ကို တက်ရောက်လာတာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ၀က်ဖိုဒ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြတ်သန်းမှုသမိုင်းမှာတော့ ပဲလေ့စ်က ပရီးမီးယားလိဂ် အသင်းတွေကို ပိုမိုကျော်ဖြတ်ခဲ့ရပြီး အင်္ဂလန် ပထမတန်းအသင်းက တသင်းကိုသာ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ နှစ်ဖက်အသင်း နည်းပြ ပွဲမတိုင်မီ ပြောစကား မန်ယူနည်းပြ ဗန်ဂါးကတော့ အက်ဖ်အေဖလားပြိုင်ပွဲဟာ ကစားသမားတွေအတွက် အရေးကြီးတဲ့ ပွဲဖြစ်တယ်လို့ ပြောပါတယ်။ အက်ဖ်အေဖလားကို ရတာဟာ ချန်ပီယံလိဂ် ခြေစစ်ပွဲ အောင်တာထက် ပိုအမှတ်ရစရာ ဖြစ်မယ်လို့ ဆိုပါတယ်။ ပဲလေ့စ်နည်းပြ အလန်ပါဂျူးကတော့ အက်ဖ်အေမှာ မန်ယူရဲ့ အောင်မြင်မှုဟာ သူတို့အတွက် ဖိအား ဖြစ်နေမယ်လို့ ပြောပါတယ်။ ပွဲကိုတော့ မန်ယူက လွှမ်းမိုးထားမှာ ဖြစ်သလို စိတ်ရှည်ရှည်ထားပြီး တုံ့ပြန် ကစားသွားမယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်ချေ လူစာရင်း မန်ယူနည်းပြ ဗန်ဂေါကတော့ မန်ယူအတွက် ကစားသမား ရွေးချယ်ဖို့ ခေါင်းခဲနေတယ်လို့ အီးအက်စ်ပီအန် သတင်းမှာ ရေးပါတယ်။ ပွဲအတွက် ကစားသမား ၂၇ ဦးရွေးချယ်ရမှာ ဖြစ်ပြီး ချန်လှပ်ထားရင်တော့ ကစားသမားတွေ စိတ်ပျက်စရာ ဖြစ်မယ်လို့လည်း ဗန်ဂေါက ပြောပါတယ်။ ကြံ့ခိုင်မှုပြည့်တဲ့ကစားသမားတွေ ပိုများလာပြီလို့လည်း ဆိုပါတယ်။ ပွဲကစားခွင့်ဆိုင်းငံ့ခံထားရတဲ့ အလယ်တန်းလူ ဖလာမီနီနဲ့ ရှနိုက်ဒါလင်းတို့လည်း ဒီပွဲမှာ ကစားခွင့်ရမှာ ဖြစ်ပါတယ်။ ဒါအပြင် နောက်ခံလူ ဒါမီယန်နဲ့ ရိုဂျိုတို့ကလည်း ဒဏ်ရာတွေကနေ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပါတယ်။ ခြေကျိုးသွားတဲ့ လူးကပ်ရှောကလည်း အက်ဖ်အေ ဖလားမတိုင်မီမှာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်ပါတယ်။ မန်ယူကတော့ ၄-၁-၄-၁ ကစားကွက်ကို အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။ ဘုန်းမောက်ကို အနိုင်ရတဲ့ ပွဲက လူစာရင်းအတိုင်း မန်ယူက ပွဲထုတ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ ပဲလေ့စ်ကတော့ မန်ယူအသင်းထက် အနားယူရတဲ့ရက်ပိုမိုများနေသလို ခံစစ်ကို အသားပေးတဲ့ ပုံစံနဲ့ ကစားသမားတွေကို ပွဲထုတ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဆီးမီးဖိုင်နယ်မှာ ဂိုးတွေသွင်းယူထားတဲ့ ကာဘာရေးနဲ့ ၀စ်ဟမ်းတို့ကလည်း ပွဲကစားဖို့ ကြံ့ခိုင်နေသလို ဇာဟာကတော့ ကြွက်သားဒဏ်ရာကြောင့် ကစားဖို့ သံသယရှိနေပေမယ့် အသုံးပြုနိုင်မယ်လို့ သတင်းတွေက ရေးပါတယ်။ ဘောလုံးကျွမ်းကျင်သူနှင့် ၀က်ဆိုဒ်များ၏ သုံးသပ်ချက် ဒီနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ မန်ယူနဲ့ ပဲလေ့စ်တို့ ၂ ကြိမ်ကစားခဲ့ရမှာ ပထမအကြိမ်က ဂိုးမရှိသရေကျခဲ့ပြီး နောက်တကြိမ်မှာတော့ မန်ယူက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။ ဘီဘီစီကဘောလုံးပွဲကျွမ်းကျင်တဲ့ လော်ရိုကတော့ မန်ယူက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ပွဲကို လွမ်းမိုးထားပြီး ပဲလေ့စ်ကတော့ အရှိန်အဟုန်နဲ့ ဖျက်ကစားရမယ်လို့ မှန်းပါတယ်။ ပွဲမှာ ဖြစ်နိုင်ချေရှိတဲ့ ရလဒ်ကိုတော့ မန်ယူက ၂ ဂိုး ပဲလေ့စ်က ဂိုးမရှိနဲ့ အဆုံးသတ်မယ်လို့ ဆိုပါတယ်။ Sofa score ကလည်း မန်ယူအနိုင်ရဖို့ ၇၆ ရာခိုင်နှုန်းရှိပြီး ပဲလေ့စ်အနိုင်ရဖို့က ၁၆ ရာခိုင်နှုန်းနဲ့ သရေကျဖို့က ၈ ရာခိုင်နှုန်းလို့ ခန့်မှန်းပါတယ်။ ၃၆၅ ဖုန်း အပီကေးရှင်းမှာတော့ မန်ယူအနိုင်ရဖို့ အတွက် ၇၀ ရာခိုင်နှုန်း၊ သရေကျဖို့ ၁၄ ရာခိုင်နှုန်း နဲ့ ပဲလေ့စ်က အနိုင်ရဖို့ ၁၆ ရာခိုင်နှုန်းရှိတယ်လို့ မဲပေးတဲ့သူတွေ ၁ သောင်း ၇ ထောင်ကျော်ကို အခြေခံပြီး ခန့်မှန်းပါတယ်။ ၁၉၉၀ ပြည့်နှစ်က ခါးသီးတဲ့ ရှုံးကြွေးကို ပဲလေ့စ်က ပြန်ပေးဆပ်သွားမလား။ ဒါမှမဟုတ် မန်ယူကပဲ အနိုင်ယူသွားမလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up