ပြည်သူကို ထိန်းချုပ်သည့်ပုံစံမှ ၀န်ဆောင်မှုပေးသည်ပုံစံ ပြောင်းမည်ဟု ရဲချုပ် ပြော
သော်ဇင်မျိုး
·
May 21, 2016
ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူကို ထိန်းချုပ်တဲ့ပုံစံကနေ ဝန်ဆောင်မှုပေးတဲ့ပုံစံမျိုး ပြောင်းလဲဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က မေလ ၁၉ ရက်နေ့ ပုသိမ်မြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့တဲ့ ဝန်ဆောင်မှုကို ရှေးရှုတဲ့ ရဲလုပ်ငန်းဆိုင်ရာ ရှင်းလင်းပွဲမှာ ရဲချုပ်က ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ပြည်သူကို ထိန်းချုပ်တဲ့ပုံစံကနေ ဝန်ဆောင်မှုပေးတဲ့ပုံစံမျိုး ပြောင်းလဲဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့တာပါ။
“ကျနော်တို့ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ရဲလုပ်ငန်းတခုကို သွားမယ်ဆိုရင် အဲဒီ ရဲလုပ်ငန်းတခုက ဘယ်လောက်အောင်မြင်နေလဲ၊ ဘယ်လောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်လဲဆိုတာကို ဘယ်လိုတိုင်းတာရမလဲဆိုရင် ထိန်းချုပ်မှုကို ရှေးရှုတဲ့ ရဲလုပ်ငန်းစဉ်ကနေ ၀န်ဆောင်မှုကို ရှေးရှုတဲ့ ရဲလုပ်ငန်းစဉ်ကို ဘယ်လောက် ပြောင်းလဲနိုင်လဲ ဆိုတာကို တိုင်းတာနိုင်ပါတယ်။ အဲ့ဒါကြောင့် ၀န်ဆောင်မှုကို ရှေးရှုရမယ့် လုပ်ငန်းစဉ်တခုကို သွားကြရမှာဖြစ်တယ်။ အဲ့ဒီ ၀န်ဆောင်မှုကိုရှေးရှုတဲ့ လုပ်ငန်းစဉ်က ဘယ်လို ဆောင်ရွက်ကြမလဲဆိုတာ သိဖို့လိုတဲ့အတွက်ကြောင့် တိုင်းအဆင့်မှာ ကျနော်ကိုယ်တိုင် လာရောက် ရှင်းလင်းဆွေးနွေးခြင်း ဖြစ်ပါတယ်။”
ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ရဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ ပြည်သူကို မိသားစုသဖွယ် သဘောထားဖို့ကိုလည်း ရဲချုပ်က တိုက်တွန်းခဲ့ပါတယ်။
အစိုးသစ်တက်လာပြီးနောက်ပိုင်း ရက် ၁၀၀ စီမံကိန်းအနေနဲ့ ဌာနပေါင်းစုံက ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့လည်း တရားဥပဒေစိုးမိုးရေး ရက် ၁၀၀ စီမံချက်အနေနဲ့ ဆောင်ရွက်နေပါတယ်။
ဒါ့အပြင် ရေရှည်ဆောင်ရွက်ရမယ့် ဝန်ဆောင်မှုကို ရှေးရှုတဲ့ ရဲလုပ်ငန်းကိုလည်း ပြောင်းလဲကျင့်သုံးလာတာပါ။