ထိုင်းငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာ ၈၀ ကျော်အား ကယ်ဆယ်ရန် တောင်းဆို
နန်းမြနဒီ
·
May 20, 2016
ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခနန်လှေဆိပ်က ထိုင်းငါးဖမ်းလှေတစ်စီးပေါ်မှာ ရောင်းစားခံ ထားရတဲ့ မြန်မာ ၈၀ ကျော်ရှိနေပြီး သူတို့ကို ကယ်ထုတ်ပေးဖို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ချု ပ် MAT က မြန်မာအစိုးရကို မနေ့က စာရေးတောင်းဆိုပါတယ်။
အဲဒီလှေပေါ်မှာ ရောင်းစားခံရတဲ့ အလုပ်သမား ၁၃ ဦးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူတို့ ကယ်ထုတ်ခဲ့ ပြီး ဖြစ်ပေမယ့်လည်း နောက်ထပ် ၈၀ လောက် ကျန်နေသေးတဲ့အတွက် အစိုးရဦးဆောင်မှုနဲ့ ကယ်တင်ဖို့ တောင်းဆိုတာလို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီငါးဖမ်းလှေပေါ်က မြန်မာအလုပ်သမားတွေဟာ လူမဆန်အောင် နှိပ်စက်ခိုင်းစေခံနေရ တယ်။ ငါးလိပ်ကျောက်မြီးနဲ့ ရိုက်တယ်။ ထွက်ပြေးလို့ဆိုပြီး ဒူးခေါင်းကိုသံရိုက်တူနဲ့ ရိုက်တယ်။ လက်တွေကို စားပွဲပေါ်မှောက်ခိုင်းပြီး သံရိုက်သလို ၂ ချက် ၃ ချက်ရိုက်တာ၊ အဲသလို လူမဆန် အောင် ရက်စက်တဲ့သူဌေးဆီမှာ အသက် ၁၅ နှစ်ကတည်းက ရောင်းစားခံထားရတဲ့ လူငယ်လေး တွေ၊ တချို့ဆို ၈ နှစ်ကျော်ထိ အောင့်အည်းနေလာတဲ့သူတွေ ရှိနေတယ်။ တခြားငါး ဖမ်းလှေတွေ မှာလည်း ရောင်းစားခံရတဲ့မြန်မာတွေ အများကြီးရှိသေးတယ်။ သူတို့တွေ လွတ်လာအောင် မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရဆီကို တောင်းဆိုမယ်ဆိုရင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုပြီးထိရောက်မယ်လို့ ကျနော်ယုံကြည်တယ်။ အခုအသစ်တက်လာတဲ့ အန်အယ်လ်ဒီ အစိုးရ အနေနဲ့ ဒီလိုကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကိုလည်း သိချင်တယ်။” လို့ ပြောပါတယ်။
စာကို နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကိုရော၊ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းမြန်မာသံရုံး၊ အလုပ်သမား ၀န်ကြီးဌာန စသဖြင့် အကုန်လုံးကို အီးမေးလ်နဲ့ ပေးပို့ခဲ့တာဖြစ်ပါတယ်။
တောင်းဆိုစာပေးပို့ပြီးတဲ့နောက် ဆယ်မိနစ်အတွင်းမှာဘဲ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီး တိုက်ဖျက်ရေးရဲတပ်ဖွဲ့မှ သူတို့အနေနဲ့ ဒီသတင်းကြား သိရတဲ့အတွက် စိတ်မချမ်းသာ ဖြစ်ရကြောင်း၊ လူကုန်ကူးခံရတဲ့သူတွေကို MAT အမ်အေတီအဖွဲ့နဲ့အတူ ပူးပေါင်းကယ်တင်ပေးဖို့ DSI ထိုင်းအထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဆီ အင်္ဂလိပ်ဘာသာနဲ့ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ချက်ချင်းတုံ့ပြန်မှုဟာ အားရကျေနပ်စရာ ကောင်းပေမယ့် ဘယ်လောက်လက် တွေ့ကျမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ ဦးကျော်သောင်းက ဆက်ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ဖွဲ့စည်းလိုက်တဲ့ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီကို ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းရာမှာ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ထွေး ကလည်း အမ်အေတီအဖွဲ့မှ အဆိုပါတောင်းဆိုစာကို လက်ခံရရှိပြီး လတ်တလော စိစစ်နေ တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်ရွှေ့ပြောင်းအလုပ်သမားပေါင်း ၃ သန်းကျော် ၀င်ရောက်လုပ်ကိုင်နေပြီး ငါးဖမ်းလုပ်ငန်း ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ အိမ်အကူ စတဲ့ အလုပ်တွေမှာ လုပ်ကိုင်နေ ကြပါတယ်။