A d v e r t i s e m e n t With Us

ပဋိပက္ခပြင်းထန်သည့် ရှမ်းပြည်မြောက်ပိုင်းတွင် အီးယူ လေ့လာ

ဓာတ်ပုံ - European Union in Myanmar
အီးယူဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ လက်နက်ကိုင်ပဋိပက္ခတွေ အများဆုံး ဖြစ်ပွား နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို သွားရောက်ပြီး နိုင်ငံရေးနဲ့ စစ်ဖက်ဆိုင်ရာကိုယ်စားလှယ် တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ရပ်ရွာဒေသခေါင်းဆောင်တွေ၊ အရပ်ဖက် အဖွဲ့အစည်းနဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဆုံခဲ့ပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက သံအမတ်ကြီးတွေနဲ့ ကိုယ်စားလှယ်စုစုပေါင်း ၁၁ ဦး ပါဝင်သော ရှမ်းပြည်နယ် မြောက်ပိုင်း ခရီးစဉ်အတွင်း အစည်းအဝေးတွေနဲ့ မလှမ်းမကမ်းမှာ တိုက်ပွဲသံတွေ ကြားနေရကြောင်းနဲ့ ပဋိပက္ခတွေကို အဆုံးသတ်ကြရေးအတွက် တိုက်တွန်းခဲ့ တယ်လို့ မြန်မာနိုင်ငံအခြေစိုက် အီးယူရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန်ကိုဘီယာက "ကျနော်တို့က ပဋိပက္ခတွေရဲ့ အရင်းအမြစ်တွေ နဲ့ ကျိုးကြောင်းဆက်စပ်မှုတွေကို ပိုမို လေ့လာသဘောပေါက်နိုင်စေဖို့ ဒီနေရာကို လာခဲ့ခြင်း ဖြစ်ပါတယ်။ အခက်အခဲအများဆုံး တွေ့ကြုံခံစားရသူများဟာ အမြဲလိုလို အရပ်သား ဖြစ်နေတတ် ပါတယ်။ ဒေသခံခေါင်းဆောင်တွေနဲ့ တွေ့ဆုံတိုင်း ပြန်လည်သင့်မြတ် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အားထုတ်လုပ်ဆောင်ကြဖို့ အချိန် ကျရောက်နေပြီဖြစ်တယ်ဆိုတာ သတင်းစကားပါးခဲ့ပါတယ်"လို့ ပြောကြားပါတယ်။ ရှမ်းပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားနေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ မကြာမီကာလမှာ လက်နက်တွေကို စွန့်လွှတ်ပြီး စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းဆီကို ရောက်ရှိလာနိုင်ဖို့ မျှော်လင့် တယ်လို့ သူက ပြောခဲ့ပါတယ်။ အီးယူကိုယ်စားလှယ်တွေ သွားရောက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)၊ တအာင်းပလောင် တပ်မတော်၊ ကချင်လွတ်လပ်ရေးတပ်မတော် တို့ ရှိနေကြပါတယ်။ ဒီအနက် မြန်မာ့တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အကြား၊ မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်တပ်မတော် အကြား၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)နဲ့ တအာင်းပလောင်တပ်မတော်အကြား၊ မြန်မာ့ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တိုက်ပွဲတွေအသီးသီးဖြစ်နေတာကြောင့် ဒေသခံတွေ စစ်ပြေးဒဏ်လွတ်အောင် ပုန်းအောင်းထွက်ပြေးနေကြဆဲဖြစ်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရပါတီရဲ့ခေါင်းဆောင်လည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို လပိုင်းအတွင်းကျင်းပဖို့ ကြိုးပမ်းနေပြီး ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါနိုင်ရေးကို ဦးတည်ညွှန်ကြားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up