ဂျပန်အမျိုးသမီးအလောင်းအား ဖျောက်ဖျက်ခဲ့သည့် အမေရိကန်စစ်သားကို တရားစွဲ

ဂျပန်အမျိုးသမီးတဦးရဲ့အလောင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားမှုအတွက် အိုကီနာဝါ အမေရိကန် စစ်အခြေစိုက်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်စစ်သားတဦးကို တရားစွဲထားပါတယ်။
သေဆုံးသွားတဲ့ ဂျပန် အမျိုးသမီးက အသက် ၂၀ အရွယ်ဖြစ်ပြီး တရားစွဲခံရတဲ့ အမေရိကန် စစ်သားက အသက် ၃၂ နှစ် ဖြစ်ပါတယ်။
အမေရိကန်စစ်သားဟာ ဂျပန်မိန်းကလေးရဲ့အလောင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့တယ်လို့ ၀န်ခံပေမ့ယ် သူကိုယ်တိုင် သတ်ဖြတ်ခဲ့သလား ဆိုတာကတော့ အသေးစိတ် မပြောသေးပါဘူးလို့ အိုကီန၀ါ ရဲဌာန ပြောခွင့်ရသူက ပြောပါတယ်။
အမေရိကန် သမ္မတ ဘာရတ် အိုးဘာားမားရဲ့ခရီးစဉ် မတိုင်ခင်လေးမှာ အခုလို အဖြစ်အပျက် ပေါ်ပေါက်လာတာပါ။
ဂျပန်ဝန်ကြီးချုပ်က သူအနေနဲ့ အကြီးအကျယ် ဒေါသထွက်နေပြီး ဘယ်လိုမှ ခွင့်လွှတ်စရာ မရှိတဲ့ အခြေအနေပဲလို့ ပြောပါတယ်။
ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ဖူမီယို ကီရှိဒါကလည်း မေ ၁၉ ရက်နေ့ ညနေပိုင်းမှာပဲ တိုကျိုမှာရှိတဲ့ အမေရိကန် သံအမတ်ကြီး ကာရိုလိုင်း ကနေဒီကို ဆင့်ခေါ်ပြီး ဂျပန် လူမျိုးတွေကိုယ်စား ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့အကြောင်း အသိပေးခဲ့ပါတယ်။
အမေရိကန် သံအမတ်ကြီးကလည်း အမေရိကန်အစိုးရနဲ့ အမေရိကန် ပြည်သူတွေ ကိုယ်စား အလွန်အမင်း စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ပြောကြားပါတယ်။
အိုကီနာဝါကျွန်းဟာ ဒုတိယ ကမ္ဘာစစ်တုန်းက အမေရိကန်တွေဗကြာင့် သွေးထွက်သံယို တိုက်ပွဲ ပြင်းထန်ရာ နေရာဖြစ်ပြီး အခုတော့ အမေ၇ိကန် စစ်သားအမြောက်အမြားကို လက်ခံထားရာ အခြေစိုက်စခန်း ဖြစ်ပါတယ်။
ကျွန်းရဲ့ ၁၈ ရာခိုင်နှုန်းလောက်ကို အမေရိကန် စစ်တပ်နယ်မြေအဖြစ် သတ်မှတ်ထားပြီး စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ တည်ဆောက်ထားတဲ့အတွက် ဒေသခံ ဂျပန်တွေက မကျေမနပ် ဖြစ်နေကြပါတယ်။
၁၉၉၅ ခုနှစ်တုန်းက အိုကီနာဝါ ကျွန်းပေါ်မှာပဲ အသက် ၁၂ နှစ်အရွယ် ဂျပန် အမျိုးသမီးတဦးကို အမေရိကန်စစ်သား ၃ ဦးက မုဒိမ်းကျင့်တဲ့အမှု ပေါ်ပေါက်ခဲ့ဖူးပါတယ်။
ဒီနှစ်ဆန်းပိုင်းမှာလည်း အိုကီနာဝါကျွန်း တောင်ပိုင်းမှာ ရှိတဲ့ နာဟာမြို့က ဟိုတယ် တလုံးမှာ ဂျပန်အမျိုးသမီးတဦးကို မုဒိမ်းကျင့်တယ်လို့ စွပ်စွဲခံရတဲ့ အမေရိကန် ရေတပ်သားတဦး အဖမ်းခံခဲ့ရပါတယ်။