ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ သူတို့တွေ နေထိုင်မှုကို အမြဲမပြတ် စောင့်ကြည့်တယ် – ဦးတင်မွန်ဆန်း

အခုနှစ် အယ်နီညိုရာသီကြောင့် လူတွေတင်မက တိရစ္ဆာန်တွေပါ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေပါတယ်။ ဒီကျန်းမာရေး ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန်တွေကို ကျန်းမာရေး ဘယ်လိုကူညီ ဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်မွန်ဆန်းကို ဒီဗွီဘီက တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး -  အခု ရာသီဥတုကြောင့် တိရစ္ဆာန်ရုံမှာ တိရစ္ဆာန်တွေကို ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ကုသမှုတွေ ဆောင်ရွက်ပေးတယ် ဆိုတာလေး သိပါရစေရှင့်။ ဖြေ - ကျနော်တို့က ဒီတိရစ္ဆာန်ဥယျာဉ်မှာရှိတဲ့ သတ္တ၀ါလေးတွေအတွက်၊ တိရစ္ဆာန်လေးတွေ အတွက်ကို အယ်နီညိုရာသီဥတုက ဒီနှစ်မှာ ပြင်းထန်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းတဲ့အချိန်မှာ ကျနော်တို့ကလည်း ကြိုတင်ပြီး စီမံချက်ချပြီးတော့ ဆောင်ရွက်ထားပါတယ်။ ပထမဆုံးအနေနဲ့ တိရစ္ဆာန်လှောင်အိမ်ထဲမှာရှိတဲ့၊ ခြံတွေထဲမှာရှိတဲ့ သောက်ရေ၊ သုံးရေကို ကျနော်တို့က အမြဲမပြတ် ဖြည့်တင်းထားပါတယ်။ ပြီးတော့ အပူဒဏ်ကို ခံရနိုင်ခြေရှိတဲ့ ဥပမာ ငှက်လှောင်အိမ်တို့၊ လွှတ်ကွင်းတွေနဲ့ရှိတဲ့ သတ္တ၀ါတွေရှိတယ်။ အဲဒီသတ္တ၀ါတွေအတွက်ကို ယာယီတဲတွေ၊ ယာယီအမိုးအကာတွေ အဲဒါမျိုးတွေကို ကျနော်တို့က ဆောင်ရွက်ပေးတယ်။ ပြီးရင် သူတို့တွေက စားသုံးတဲ့အခါမှာလည်း နွေရာသီအတွက်ကို အပူဒဏ်ကို ခံနိုင်ဖို့အတွက်ဆိုပြီးတော့ တချို့တိရစ္ဆာန်ငယ်လေးတွေကို သစ်သီးတို့၊ ကျနော်တို့ ဘာသာလုပ်တဲ့ သီးစုံရေခဲချောင်းတို့ အဲဒါမျိုးလေးတွေကိုလည်း အာဟာရ ဖြည့်တင်းပေးတယ်။ နောက်တခါ ကျနော်တို့ဘက်က ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ သူတို့တွေ နေထိုင်မှုကို ကျနော်တို့တွေက အမြဲမပြတ် တိရစ္ဆာန်ထိန်းတွေကနေ စောင့်ကြည့်တယ်၊ မှတ်တမ်းတင်တယ်။ ပြီးတော့ တိရစ္ဆာန်ဆရာဝန်ကနေပြီးတော့ နေ့တိုင်း မနက်ဆိုရင် ခြံတွေကို တခေါက် လိုက်လံစစ်ဆေးတယ်။ ညနေမှာ တက်လာတဲ့ Report တွေကိုကြည့်ပြီး ကျနော်တို့က လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက် ကုသမှုတွေကို လုပ်ပေးပါတယ်။ မေး - အရင်နှစ်တွေကနဲ့ အခု ဒီနှစ် အပူချိန်က မတူဘူးပေါ့နော်။ အခု ဒီနှစ်မှာရော တိရစ္ဆာန်တွေမှာ ရာသီဥတုကြောင့် ဘယ်လိုမျိုး ရောဂါ ဖြစ်ပွားတာမျိုးတွေ ရှိလဲဆရာ။ ဖြေ - ဒီနှစ်တော့ ကျနော်တို့က အပူဒဏ်ခံရတဲ့အတွက်ကြောင့် ပထမဆုံးအနေနဲ့ သူတို့က နွမ်းနယ်တဲ့ သဘောမှာ ရှိတယ်။ ဆော့နေ၊ ပြေးလွှားနေတဲ့ သတ္တ၀ါတွေ ဥပမာ မျောက်တွေ၊ ၀က်ဝံတွေဆိုရင် အရင်လောက် နေပူထဲမှာ မနေတော့ဘူး။ ရေပိုသောက်မယ်၊ သူတို့ရဲ့ အရိပ်အာဝါသမှာနေမယ်။ အားအင် ကုန်ခန်းသလို ဖြစ်တယ်။ အဲအခါကျရင် ကျနော်တို့က အဲလိုသတ္တ၀ါမျိုးကျတော့ ဆားမီးဖုတ်ဆိုတာ ရှိပါတယ်။ အဲဒါကို အစာထဲမှာ ထည့်ပြီးတော့ ကျွေးတယ်။ ပြီးရင် တကယ်တမ်း အရမ်း အားအင်ချည့်နဲ့တယ်လို့ မြင်ရတယ်ဆိုရင် မှတ်တမ်းပြုစုပြီးတော့ အဲဒီအဖွဲ့တွေကို ကျနော်တို့ ဓာတ်ဆားရေတိုက်တယ်။ အဲ့အထဲမှာ တချို့သော သတ္တ၀ါများကတော့ အသက်အရွယ် ကြီးရင့်တာလည်း ဖြစ်ရင်ဖြစ်မယ်။ အဲဒါမျိုးကျတော့ သတ္တ၀ါတွေက အစားအသောက်တွေလည်း နည်းသွားတယ်။ မေး-  အခုရာသီဥတုကြောင့် သေဆုံးသွားတဲ့ တိရစ္ဆာန်တွေကော ရှိလားဆရာ။ ဖြေ - လောလောဆယ်တော့ ၁၉ ရက် ၄ လ စာရင်းအရ ကျနော်တို့ဆီမှာ သက်တမ်း ၂၅ နှစ်ရှိနေတဲ့၊ သူ့ရဲ့ မြည်းသက်တမ်းဆိုလည်း ၂၅ နှစ်ရှိတဲ့ မြည်းအထီးကတော့ အပူဒဏ်လည်း ခံစားရတာပါတယ်၊ သူ့ရဲ့သက်တမ်း ကုန်နေတာလည်း ပါတယ်။ သေဆုံးသွားပါတယ်။ လောလောဆယ်တော့ အဲ့တကောင်ပဲ ရှိပါတယ်၊ ကျနော်တို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာတော့။ မေး - နောက်ထပ် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ရာသီဥတုကြောင့်ပေါ့။ နေထိုင် မကောင်းတဲ့ တိရစ္ဆာန်တွေကော ရှိလားဆရာ။ ဖြေ - လောလောဆယ်တော့ နေထိုင်မကောင်းဘူးဆိုရင်၊ အပူဒဏ်ကြောင့်ဖြစ်တယ် ဆိုရင်တော့ လောလောဆယ်တော့ မရှိပါဘူးခင်ဗျ။ ဒါပေမယ့် သဲဝဲတို့၊ သဲကိုလူးရတဲ့ ကုလားအုတ်တကောင်တော့ သဲဝဲစွဲနေတာမျိုးလည်း ရှိပါတယ်။ အပူဒဏ်ကြောင့် ခံစားရတာမျိုး လောလောဆယ်တော့ မရှိပါဘူးခင်ဗျ။ မေး - အခုလက်ရှိ ဒီမှာရှိနေတဲ့ တိရစ္ဆာန်တွေကို ကျန်းမာရေး ကုသမှုတွေ၊ ကျန်းမာရေး စစ်ဆေးမှုတွေကို ဘယ်လိုမျိုး ပြုစုဆောင်ရွက်တယ် ဆိုတာလေးလည်း ပြောပြပါ။ ဖြေ - ပုံမှန်အားဖြင့်ကတော့ ကျနော်တို့ စဉ်ဆက်မပြတ်ကတော့ နေ့စဉ် ကျနော်တို့မှာ ခြံတွေမှာရှိတဲ့ တိရစ္ဆာန်တွေကို ထိန်းသိမ်းတဲ့ တိရစ္ဆာန်ထိန်းတွေ ရှိပါတယ်။ သူတို့ကနေ Daily Report နဲ့ တိရစ္ဆာန်တွေရဲ့ နေထိုင်မှုပုံစံကို ကျန်းမာရေး မကောင်းဘူး၊ ကောင်းတယ်။ အစာဘယ်လောက်စားတယ်၊ ကျန်တယ်။ အဲ့အပေါ်မှာ အသေးစိတ်ကို Report တင်ပါတယ်။ အဲ့အပေါ်မှာ နောက်တနေ့မနက်မှာ ကျနော်တို့ရဲ့ တိရစ္ဆာန်ဆရာဝန်များက နေပြီးတော့ လှည့်လည်ကြည့်ရှု စစ်ဆေးပြီးတော့ လိုအပ်တဲ့ ဆေးကုသမှုတွေရှိမယ်၊ အနာဒဏ်ရာရှိရင် ဆေးထည့်မယ်။ အားနည်းတယ်ဆိုရင် ဓာတ်ဆားရေတိုက်မယ်၊ တခြား အားဆေးသွင်းမယ်။ အဲ့အပိုင်းတွေကို လုပ်တယ်။ နောက်တခါ လစဉ်လစဉ် ဒီတိရစ္ဆာန်မှာ ကွဲပြားတဲ့ တိရစ္ဆာန်တွေ ရှိပါတယ်။ အဲ့အပေါ်မှာ ကျနော်တို့က ဒေါင့်သန်းရောဂါ ကာကွယ်ဆေးထိုးမယ်။ သန်ချတာရှိမယ်၊ ငှက်တွေပါရှိတော့ ကြက်လည်လိမ် ကာကွယ်ဆေးထိုးမယ်။ အဲ့လိုမျိုးတွေ ရှိပါတယ်။ မေး - ကျန်းမာရေး စောင့်ရှောက်တဲ့နေရာမှာ မနက်ဆို သန့်ရှင်းရေးဆိုလည်း နေ့တိုင်း ကြည့်တယ်လို့ ပြောတယ်။ သန့်ရှင်းရေးကြည့်တဲ့အခါမှာ ရေနေ၊ ကုန်းနေ သတ္တ၀ါတွေ အနေနဲ့ကော ရေထဲမှာ အကြာကြီးစိမ်တာတို့ အဲ့လိုမျိုးကကော ဆရာတို့အနေနဲ့ ဘယ်လိုမျိုး ကန့်သတ်ထားတာရှိလဲ။ ဖြေ - ကျနော်တို့ကတော့ သီးသန့်မကန့်သတ်ဘူး။ အဲဒီမှာ နှစ်ပိုင်းရှိပါတယ်။ တပိုင်းက လွှတ်ပြီးတော့နေတဲ့ ရေမြင်းတို့၊ ၀က်ဝံတို့ဆိုရင် လွှတ်ကွင်းရှိတယ်၊ အိမ်ရှိတယ်။ သူတို့မှာကျတော့ နဂိုကတည်းက ရေကန်ရှိတယ်။ ဒီရေကို ကျနော် မနက် ၈ နာရီလောက်မှာ အပြည့်ဖြည့်ပြီးတာနဲ့ သူတို့ကို ရေချိုးပါလို့ ပြောတာမဟုတ်ဘူး။ သူ့ဘာသာသူပဲ စိမ်တယ်။ အဲ့အခါကျရင် နွေရာသီဖြစ်တဲ့အတွက် သူတို့က ပိုပြီးတော့ ကြာကြာနေတယ်။ ဥပမာအားဖြင့် ကျားတွေ၊ ခြင်္သေ့တွေဆိုရင် အခု နည်းနည်းလေး နေပူလာလို့ မနက် ၁၁ နာရီလောက်ရောက်ရင် ရေထဲရောက်နေပြီ။ ပုံမှန်အားဖြင့် သူတို့တွေ ဒီအချိန် ရေထဲမဆင်းဘူး။ နောက်ပြီးတော့ ဆင်တွေဆိုလည်း ရေချိုးရတာ အရမ်းမချိုးချင်ဘူး မိုးတွင်းတို့၊ ဆောင်းတို့မှာ။ အခုအချိန်မှာ သူတို့က ရေချိုးတဲ့အခါမှာ ငြိမ်ငြိမ်သက်သက်၊ လိုလိုလားလားနဲ့ ချိုးတယ်။ ဒါ သူတို့ ရေနဲ့ ပိုပြီးတော့ ကြိုက်နှစ်သက်လာတဲ့ သဘောရှိတယ်။ ပြီးတော့ ကုန်းနေ၊ ရေနေ သတ္တ၀ါဆိုတဲ့အထဲမှာ ဥပမာ ဖျံရှိတယ်၊ ရေမြင်းတို့၊ မိကျောင်းတို့ သူတို့က ရေထဲမှာ အမြဲတမ်း မနေပါဘူး။ သူတို့အချိန် ရေထဲမှာစိမ်ပြီးရင် သူတို့က ခုနကလို နေပူဒဏ်ခံရတဲ့အတွက်ကြောင့် သူတို့ရဲ့ အထဲမှာ အိမ်လေးသဖွယ်၊ ဂူလေးသဖွယ် လုပ်ထားတဲ့အထဲမှာပဲ ခိုပြီးတော့ နေသွားတဲ့ သဘောရှိပါတယ်။ မေး - အခု ရာသီဥတုကြောင့်ပေါ့နော်။ အပူချိန် မြင့်မားတာနဲ့ ပတ်သက်ပြီး အစားအသောက်တွေကိုကော ဆရာတို့အနေနဲ့ ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်ပြီးတော့ ကျွေးမွေးတယ်ဆိုတာလေး ပြောပြပေးပါ။ ဖြေ - ခုနက ကျနော်ပြောတဲ့အထဲမှာလည်း တပိုင်းတစိတ် ပါပါတယ်။ ကျနော်တို့ ပုံမှန် စားသုံးနေရတဲ့ သတ္တ၀ါတွေက သူတို့မှာ ကျနော်တို့ရဲ့ သက်ဆိုင်ရာ ခွဲတမ်းနဲ့ ကျွေးတဲ့ အမျိုးအမည်တွေ ရှိပါတယ်။ အဲ့အထဲမှာ ရိက္ခာအစိုရှိတယ်၊ အခြောက်ရှိတယ်။ အဲ့ထဲမှာမှ ဖြစ်နိုင်ရင် ဒီလိုရာသီမှာ ကျနော်တို့က ရိက္ခာအစိုထဲမှာမှ ပိုပြီးလတ်ဆတ်မယ်၊ ဥပမာအားဖြင့် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ဈေးမှာ သွားဝယ်ပါတယ်။ နောက်တရက်ကို ကြာကြာမသိမ်းထားဘဲနဲ့ ကန်စွန်းရွက်လိုမျိုးဆို လတ်လတ်ဆတ်ဆတ် ကျွေးလိုက်တယ်။ ပြီးရင် သဘောင်္သီးတို့၊ ဖရဲသီးတို့ အဲ့လိုမျိုးတွေဆိုရင် ပိုပြီးတော့ တိုးကျွေးတာလည်းရှိတယ်။ အစားအသောက်ကို ကျနော်တို့က အဲ့လိုမျိုးကျွေးသွားတဲ့ ပုံစံမှာ ရှိပါတယ်။ အသားနဲ့ပတ်သက်လို့က ကျနော်တို့ အသားစားတဲ့ သတ္တ၀ါတွေကျတော့ အခု ဒီရာသီမှာတော့ သူတို့ရဲ့ နေ့ခင်းဘက် စားသုံးမှုက လျော့ကျသွားပါတယ်။ ဒါပေမယ့် တချို့အကောင်တွေကတော့ ညကျရင် မစားလို့ မကုန်တဲ့ဟာတွေကိုတော့ ဆက်စားပါတယ်။ ဥပမာ ကျားတို့၊ ခြင်္သေ့တို့ပေါ့နော်။ မေး - တကယ်လို့ တိရစ္ဆာန်တွေမှာ နေ့လယ်ဘက် အစာကျွေးတဲ့အချိန်မှာ ကျွေးထားပေမယ့် မစားသောက်တဲ့ သတ္တ၀ါတွေလည်း ရှိမှာပေါ့နော်။ အဲ့ဒီ တိရစ္ဆာန်လေးတွေကျတော့ ဆရာတို့အနေနဲ့ ကျန်းမာရေး ဘယ်လိုမျိုး ပြန်လည်ပြုစုပြီး စောင့်ရှောက်တယ်ဆိုတာ ပြောပြပေးပါဦး။ ဖြေ - ခုနကပြောတဲ့ တိရစ္ဆာန်တွေရဲ့ သက်ဆိုင်ရာ ခြံတွေ၊ ရုံတွေမှာ ရှိနေတဲ့ တာဝန်ကျ Keeper တွေကနေပြီးတော့ ညနေစောင်းတာနဲ့ သူတို့မှာ အစာဘယ်လောက်ကုန်တယ်၊ အစာဘယ်လောက်ကျန်တယ်၊ နောက်ဆုံး ဆီး၊ ၀မ်း ဘယ်လိုသွားတာလဲ။ ဆီး၊ ၀မ်း ပျော့ပါတယ်။ ဆီး၊ ၀မ်း မှန်ပါတယ်၊ အနည်းငယ် မှိုင်ပါသည်ဆိုတဲ့ အဲ့လိုမျိုး Report တွေနဲ့ ရှိပြီးတော့၊ အဲ့ဒါကို စုဆောင်းပြီးမှ နောက်တနေ့မနက် ၇ နာရီခွဲမှာ တန်းစီပြီးတော့ ၈ နာရီမှာ ဆရာဝန်တွေက သက်ဆိုင်ရာ Animal တွေကို လိုက်ပြီးတော့ ကုသပြုစုပေးပါတယ်။ မေး - အခု ဒီတိရစ္ဆာန်တွေကို အစာတွေကျွေးတယ်။ အရင်တုန်းကဆိုရင် ဒီမှာလာလည်တဲ့ ပြည်သူလူထုတွေက တိရစ္ဆာန်တွေကို အစာကျွေးမွေးခွင့်တွေ ရရှိခဲ့တယ်လေ။ အခုတော့ ဒီကျွေးမွေးခြင်းနဲ့ ပတ်သက်ပြီး ပိတ်ပင်ထားတယ်ပေါ့နော်။ အဲ့ဒီအပိုင်းလေးကိုလည်း နည်းနည်းလောက် ပြောပြပေးပါဆရာ။ ဖြေ - အဲ့ဒါကတော့ ကျနော်တို့ တိရစ္ဆာန်ဥယျာဉ်ကို ယခင်တုန်းကတော့ အစာကျွေးခွင့် ပေးထားပါတယ်ခင်ဗျ။ အဲ့ဒီမှာ ကျနော်တို့မှာ ဘာပြဿနာ ရှိလာလဲဆိုတော့ တိရစ္ဆာန်ငယ်လေးတွေကို ကျွေးမွေးဖို့ ရောင်းချခိုင်းတဲ့ အစာဆိုင်များက၊ အချို့သောအစာဆိုင်များက ပုံမှန်မဟုတ်တဲ့ အစာမျိုးကို ရောင်းချတာတွေလည်း တွေ့ရှိနေရပါတယ်။ အဲဒါတွေက ဥပမာအားဖြင့် ၀က်ဝံကို ပေါင်မုန့်တွေ ကျွေးနေပါတယ်။ တကယ်တော့ ၀က်ဝံက သူ့ရဲ့ အသီးအနှံ ကျွေးရင်တော့ ပုံမှန်ပဲ သူစားပါတယ်။ အဲ့ဒီမှာ ပေါင်မုန့်ကို ကျွေးတော့ ပေါင်မုန့်ဆိုတာလည်း ဒိတ်လွန်တဲ့ Expire Date တွေလည်း ရှိကောင်းရှိမယ်။ အသေးစိတ်တော့ အဲ့ဒီအချိန်မှာ စစ်ဆေးဖို့ အားနည်းသွားကောင်း ရှိရင်ရှိမယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ စည်းကမ်းစနစ်တကျ ရှိချင်တယ်။ ဒီသတ္တ၀ါတွေ ဒီအရွက်စားမယ်၊ အသားစားမယ်။ အဲ့အပေါ်မှာပဲ ကျနော်တို့က ကျွေးမွေးချင်စိတ်ရှိတယ်။ နောက်တချက်က ဘာကိုပြောချင်တာလဲဆိုတော့ အဲ့လို ပုံမှန်ကျွေးမွေးနေတဲ့ တိရစ္ဆာန်ဥယျာဉ်မှာ သူတို့ရဲ့ ခွဲတမ်းတွေရှိပါတယ်။ အဲ့လို အစာဆိုင်တွေ ဖွင့်လှစ်ပြီး ရောင်းချတော့ ကျနော်တို့ရဲ့ ခွဲတမ်းတွေကို တိရစ္ဆာန်များက တချို့ မစားလိုတော့တာတို့၊ ပုံမှန်စားနေရတဲ့ အစားအပေါ်မှာ နှစ်သက်စွာ မစားဘဲနဲ့ ထိရောက်တဲ့ အာဟာရဓာတ် မပြည့်ဝမှာလည်း ကျနော်တို့ စိုးရိမ်ပါတယ်။ အဲ့အတွက်ကြောင့် ကျနော်တို့က လျှော့ပြီးတော့၊ အခုတော့ မနှစ်ကရော ဒီနှစ်ရော ဆင်တမျိုးတည်းကိုပဲ ကြံ၊ ငှက်ပျောသီး ရောင်းချခွင့် ပေးထားပါတယ်။ အဲ့ဒါကလည်း ကျနော်တို့ရဲ့ တိရစ္ဆာန်ဆရာဝန်များ၊ တိရစ္ဆာန်ကို ကျွမ်းကျင်သူများ၊ နိုင်ငံခြားပညာရှင်များနဲ့ မေးမြန်းတဲ့အခါမှာ ဆင်သည် အစာပိုကျွေးလို့လည်း ဘာမှ ပြဿနာမရှိတဲ့ သတ္တ၀ါဖြစ်တယ်။ သူတို့အတွက်ကိုလည်း အစာဆိုင်တဆိုင်ပဲ ဖွင့်လှစ်ထားပါတယ်။ မေး - အစာကျွေးနှုန်းကကော တရက်ကို ဘယ်နှစ်ကြိမ်လောက် ကျွေးမွေးတယ်ဆိုတာ ပြောပြပေးပါ။ ဖြေ - ပုံမှန်အားဖြင့်ကတော့ တိရစ္ဆာန်မှာ နို့တိုက်ရယ်၊ တွာသွားရယ်၊ ကျေးငှက်တို့ ရှိတယ်ဗျ။ သူတို့ကို မနက် ၁၀ နာရီတကြိမ်၊ ညနေ ၄ နာရီတကြိမ် ကျွေးတယ်။ အဲ့အထဲမှာမှ အချို့သတ္တ၀ါများက ဥပမာအားဖြင့် မြွေတို့၊ မိကျောင်းတို့ အဲလိုသတ္တ၀ါတွေကျတော့ ကျနော်တို့က ၁၅ ရက်တကြိမ်၊ တပတ်တကြိမ်လောက်ဆိုရင် သူတို့က လုံလောက်ပြည့်စုံပါတယ်။ သူတို့ရဲ့ အစာကို စားသုံးပြီးတဲ့အခါမှာ အစာချက်ပြီး နေနိုင်တဲ့ ကာလတခုကို ကျနော်တို့က စောင့်ကြည့်ထားပါတယ်။ အဲ့အပေါ်မှာမှ ကျနော်တို့က နေ့စဉ်ကျွေးတာရှိတယ်၊ နေ့စဉ်မှာမှ နှစ်ကြိမ်ကျွေးတာရှိတယ်၊ တကြိမ်ကျွေးတာရှိတယ်။ ၇ ရက်ကျွေးတာရှိတယ်။ ၁၅ ရက်ကျွေးတာရှိတယ်။ မေး - အခုဆိုရင် တချို့တိရစ္ဆာန်မျိုးတွေဆိုတာ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ တိရစ္ဆာန်မျိုးတွေ ရှိတယ်။ အဲ့ဒီအတွက်ကော ဆရာတို့အနေနဲ့ သူတို့အတွက် ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ ရှိလဲရှင့်။ ဖြေ - တချို့ကျရင် တောထဲမှာ ပျောက်ကွယ်တာမျိုးတွေလည်း ရှိနေပြီ။ ပျောက်ကွယ်ဖို့ အန္တရာယ်၊ မျိုးသုဉ်းဖို့အန္တရာယ် စိုးရိမ်နေရတာလည်း ရှိတယ်။ အဲ့လို သတ္တ၀ါတွေကျတော့ ကျနော်တို့က အထူးသဖြင့် ကျနော်တို့ ဥယျာဉ်တွေမှာ ရှိတယ်ဆိုရင် ကျနော်တို့က ဒါကို သူတို့ရဲ့ သက်တမ်းစေ့၊ သူတို့ရဲ့ နောက်ထပ် မျိုးဆက်များပွားနိုင်ဖို့ ကျနော်တို့က ကြိုးစားပါတယ်။ အဲ့ဒါ ဘယ်မှာ အစီအစဉ်ရှိလဲဆိုရင် Animal Exchange ဆိုတဲ့ အစီအစဉ်နဲ့ International က အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တိရစ္ဆာန်ဥယျာဉ်အချင်းချင်း တိရစ္ဆာန်ဖလှယ်တဲ့ စနစ်တွေနဲ့ ကျနော်တို့က မျိုးဆက်ပြန့်ပွားဖို့၊ မျိုးသုဉ်းပျောက်ကွယ်လု နီးတာတွေကိုလည်း ထပ်မံစုဆောင်းဖို့၊ ပြီးတော့ ကျနော်တို့ဘက်က ကျနော်တို့ရဲ့ ဒေသခံတွေမှာ သတင်းရရှိပြီးတော့ အချို့သော လူတွေကနေ ကျနော်တို့ကို ရှားပါးတိရစ္ဆာန်မျိုးစိတ် ဖြစ်နေပါပြီဆိုရင် သူတို့ရဲ့ မွေးမြူထားခြင်းကို လာရောက်ပြီးတော့ လှူဒန်းတဲ့အခါမှာလည်း လက်ခံပေးပါတယ်။ မေး - အခုလက်ရှိ ဒီတိရစ္ဆာန်ရုံထဲမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်တဲ့ တိရစ္ဆာန်တွေ၊ ဒီ ရန်ကုန်တိရစ္ဆာန်ရုံထဲမှာ ထပ်ရောက်ရှိဖို့ကော အစီအစဉ် ရှိပါလားဆရာ။ ဖြေ - လောလောဆယ်တော့ နှစ်မျိုးရှိပါတယ်။ တခုကတော့ ရှားပါးတိရစ္ဆာန်တွေကို ရောက်ရှိဖို့ စုဆောင်းတာရှိတယ်။ နောက်တမျိုးကတော့ ကျနော်တို့ဆီမှာ ရှိပြီးတော့ ရှားပါးတော့မယ်လို့ထင်တဲ့ တိရစ္ဆာန်တွေကို မျိုးဆက်ပြန့်ပွားဖို့ ကြိုးစားတာ ရှိပါတယ်။ ပထမပိုင်းမှာတော့ ရောက်ရှိဖို့ဆိုရင် ကျနော်တို့ တိရစ္ဆာန်ဥယျာဉ်မှာ ပုံမှန်အားဖြင့်တော့ မျိုးသုဉ်းပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ကျနော်တို့မှာ မရှိတဲ့ဟာမျိုး၊ အခုဆိုရင် မြင်းကျားပေါ့ Zebra ကို ရန်ကုန်တိရစ္ဆာန်ရုံကို ၅ လပိုင်းမှာ လာဖို့ရှိပါတယ်။ အဲ့ဒါက နိုင်ငံခြားကနေ အစီအစဉ်၊ အကူအညီနဲ့ ရောက်ရှိလာမှာပါ။ ပြီးတော့ ပင်ဂွင်း ၁၀ ကောင် ရောက်ဖို့ရှိပါတယ်။ အဲ့ဒါကျတော့ ကျနော်တို့ တိရစ္ဆာန်ဥယျာဉ်အနေနဲ့ ၀ယ်တာပါခင်ဗျ။ သူကျတော့ Animal Exchange နဲ့ မဟုတ်တော့ဘူးဗျ။ ဒါပေမယ့် ပင်ဂွင်း ၁၀ ကောင်က ဒီမှာထားဖို့ မဟုတ်ပါဘူးဗျ။ နေပြည်တော်ကို သွားမှာပါ။ အဲ့ဒါက တပိုင်းပါ။ နောက် ခုနက ကျနော်ပြောတဲ့ ဒုတိယပိုင်းကတော့ မျိုးသုဉ်းပျောက်ကွယ်မယ့် တိရစ္ဆာန်မျိုးကျတော့၊ မျိုးဆက်ပြန့်ပွားပေးဖို့ ကျနော်တို့က တခြားတိရစ္ဆာန်တွေကို ကမ်းလှမ်းရပါတယ်။ အခု လောလောဆယ်မှာဆိုရင် ကျနော်တို့ဆီမှာ အမေရိကန် ကျားသစ်မလေး ရှိပါတယ်။ ဒီမှာ ရောက်နေတာ ၆ နှစ်ရှိပါပြီ။ သူ့အတွက် အဖော်အဖြစ် ကျနော်တို့က အမေရိကန်ကျားသစ် အထီးလေးဟာ ဒီကို ၂ လလောက် ရှိနေပါပြီ။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ဘန်ကောက် ဥယျာဉ်ကနေတဆင့် ရောက်ရှိလာပါတယ်။ မေး - အခု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို တိုးချဲ့ဆောက်လုပ်ဖို့ကော အစီအစဉ် ရှိပါလား။ ဖြေ - ရှိပါတယ်။ အဲ့အပိုင်းမှာ ကျနော်က ဖြည့်စွက်ပြောချင်ပါတယ်။ တိရစ္ဆာန်ဥယျာဉ်ကို လာပြီဆိုတာနဲ့ ဥယျာဉ်လို့ ပြောတဲ့အတွက် တွေ့ဆုံမယ့်အချက်တွေက တိရစ္ဆာန်ဥယျာဉ်ကို လာတဲ့လူတွေကို ကျနော်တို့ Entertain, Public Facility, Service အဲ့လိုပေးဖို့ အစီအစဉ်ရှိတဲ့အတွက်၊ ၀င်လာတာနဲ့ Landscaping တွေ၊ သန့်ရှင်းသပ်ရပ်မှုတွေ၊ တိရစ္ဆာန်ခြံတွေရဲ့ သန့်ရှင်းသပ်ရပ်မှုတွေ၊ တိရစ္ဆာန်များရဲ့ အမျိုးအမည် စုံလင်မှုတွေ အဲ့ဒီအတွက်ကြောင့် ကျနော်တို့မှာ တိရစ္ဆာန်တွေ ဖြည့်တင်းတာကော၊ တိရစ္ဆာန်တွေအတွက်ကို Warefare လုပ်တာကော၊ လာတဲ့ Public Facility အဖြစ်ကို သူတို့ရဲ့ လာတဲ့နေရာမှာ ဒီလူတွေရဲ့ နားနေတဲတွေ၊ Rest ဧရိယာတွေ၊ အပျော်စီး ကနူးလှေမျိုးတွေ ကျနော်တို့ အဲ့ဒါမျိုးတွေနဲ့ လိပ်ပြာပြတိုက်ကဲ့သို့ အဆောက်အဦအသစ်တွေကို ဆောက်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ မေး - အခုနောက်ဆုံးအနေနဲ့ ဒီတိရစ္ဆာန်ရုံထဲမှာ ရှိနေတဲ့ တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီးတော့ ဆရာ့အနေနဲ့ ဘာများ ထပ်မံ ဖြည့်စွက်ပြီးတော့ ပြောချင်တာများ ရှိလဲဆရာ။ ဖြေ - တိရစ္ဆာန်ဥယျာဉ်ကို လာတဲ့အချိန်မှာ ကျနော်တို့ရဲ့ ပထမဆုံး ပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ တိရစ္ဆာန်တွေနဲ့ ပတ်သက်လို့ Conservation ဖြစ်ပါတယ်။ ပြီးရင် လာရောက်တဲ့ ဥယျာဉ်မှာ သွားလာနေတဲ့ ဧည့်ပရိသတ်များကလည်း ကျနော်တို့ အချို့အပိုင်းတွေမှာတော့ သန့်ရှင်းရေးအပိုင်းတွေမှာတော့ စနစ်တကျ အမှိုက်စွန့်ပစ်ဖို့ရယ်၊ တိရစ္ဆာန်များကို မနှောင့်ယှက်ဖို့ရယ်၊ တိရစ္ဆာန်တွေကို အန္တရာယ်ရှိစေမယ့် လက်နက်တွေ ဥပမာ လေးခွ၊ တုတ်တွေနဲ့ အဲ့ဒါမျိုးတွေနဲ့တော့ တိရစ္ဆာန်များကို အနှောင့်အယှက်မပေးဖို့ အဲ့ဒါလေးတွေကိုတော့ ဖြည့်စွက်ပြီးတော့ ပြောကြားလိုပါတယ်။ တွေ့ဆုံမေးမြန်းသူ - သူသူအောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up