ဆရာ ၂ ဦးကိုသတ်ပြီး ထိုင်းတက္ကသိုလ်ဆရာ ကိုယ့်ကိုယ်ကိုယ် ပစ်သတ် (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပရန်နခွန်ရာဂျာဘတ် တက္ကသိုလ်မှာ ဆရာ ၂ ဦးကို ပစ်ခတ်ခဲ့တဲ့ တက္ကသိုလ်ဆရာတဦးက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ အရင်က စကားများခဲ့ဖူးတဲ့ တက္ကသိုလ်ဆရာ ၂ ဦးကို အသက် ၆၀ အရွယ် ၀မ်ချိုင်းဒနိုင်တာမိုနတ်က မေ ၁၉ ရက် မနက်ပိုင်းမှာ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ဘန်ကောက် ဖရာထိုင်းခရိုင်က ဆူပတ်ဟိုတယ်ကို ထွက်ပြေးခဲ့ရာမှာ ရဲတွေက ၀မ်ချိုင်းရဲ့ သူငယ်ချင်းတွေကတဆင့် သတင်းရပြီး နေ့လယ်ပိုင်းမှာ လိုက်လံဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ရဲတွေနဲ့ ၀မ်ချိုင်းတို့ ၆ နာရီကြာ ဆွေးနွေးခဲ့ပေမယ့် ၀မ်ချိုင်းက နောက်ဆုံးမှာ သေနတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ် အဆုံးစီရင်သွားပါတယ်။ နီးစပ်ရာဆေးရုံ တင်ခဲ့ပေမယ့် ၀မ်ချိုင်းသေဆုံးသွားတာကို ဆရာဝန်တွေက အတည်ပြုပါတယ်။ စာသင်တာကို ကျောင်းသားတွေက မကျေနပ်ဘဲ ကန့်ကွက်ဖို့ သူပစ်သတ်ခဲ့တဲ့ ပီချိုင် ချိုင်ဆောင်ကရန်နဲ့ နသာပိုချန်ဝမ်ရာသရီတို့က နောက်ကွယ်မှာ ကြိုးကိုင်ခဲ့သလို စော်ကားမော်ကား လုပ်တဲ့အတွက် သေဖို့ထိုက်တန်တယ်လို့ ၀မ်ချိုင်း နောက်ဆုံးရေးသားခဲ့တဲ့ မှတ်တမ်းမှာ ရေးပါတယ်။ ဒါအပြင် ၀မ်ချိုင်းကို မန်နေဂျာအဖြစ် ခန့်အပ်ထားတဲ့ အစီအစဉ်တခုမှာ ၀မ်ချိုင်းရဲ့ အရည်အချင်းဟာ ဒီရာထူးနဲ့ မထိုက်တန်ဘူးလို့ ပီချိုင်းက ကန့်ကွက်ခဲ့ပြီးနောက် ၀မ်ချိုင်းကို ရာထူးကနေ ဖယ်ရှားခဲ့တယ်လို့ ရဲတပ်ဖွဲ့ စုံစမ်းချက်တွေက ဆိုပါတယ်။ သုတေသန စာတမ်းအတွက် ခွင့်ပြုပေးရမယ့် အသုံးစရိတ်အတွက် ၀မ်ချိုင်းရဲ့ လျှောက်ထားချက်ကို နာသာပိုက ငြင်းပယ်ခဲ့တဲ့ အတွက် ၀မ်ချိုင်းက ဒေါသဖြစ်တယ်လို့ စုံစမ်းစစ်ဆေးချက်အရ သိရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ၀မ်ချိုင်းနဲ့ ပီချိုင်းတို့အကြားက မကျေလည်မှုတွေကို သိရှိခဲ့ပေမယ့် အရင်နှစ်က ဖြစ်တဲ့ ပြဿနာတွေ ပြေလည်သွားပြီ ထင်မှတ်ထားတယ်လို့ ပါမောက္ခချုပ် ပေါင်ဟိုရာဒယ်လ်က ပြောပါတယ်။ 201605191909042-20140401185156ပီချိုင်းရဲ့ ဖိလစ်ပိုင်ကရရှိတဲ့ ဒေါက်တာဘွဲ့ကလည်း အဆင့်မြင့် တက္ကသိုလ်ကော်မရှင်ရုံးက အတည်ပြုခဲ့တာ မရှိဘူးလို့ ၀မ်ချိုင်းက ပြောဆိုခဲ့တဲ့ အတွက် ၀မ်ချိုင်းနဲ့ ပီချိုင်းကို ခေါ်စကားပြောခဲ့ပြီး ပြဿနာက ပြေလည်သွားပြီလို့ထင်ခဲ့ကြောင်း သူက ဆိုပါတယ်။ မသေခင်မှာလည်း ၀မ်ချိုင်းက သေရင် အလောင်းကို အိမ်နားက ဘုန်းကြီးကျောင်း ယူသွားပြီး ၃ ရက်ထားပေးဖို့ Line ကနေ ဆွေမျိုးတဦးထံ မက်ဆေ့ခ်ျပို့ ပြောဆိုခဲ့ပါတယ်။ မိဘတွေသေဆုံးပြီးကတည်းက ၀မ်ချိုင်းဟာ တဦးတည်း နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up