Home
မြန်မာသတင်း
ကြုံတွေ့နေရသည့် အခက်အခဲများအား စက်မှုဇုန်များ ပူးပေါင်းပြီး ဖြေရှင်းရန် စတင်ကြိုးစား
ပိုင်စိုး
·
May 20, 2016
ရန်ကုန်တိုင်းထဲက စက်မှုဇုန်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဇုန်တွေအားလုံး ပူးပေါင်း ဖြေရှင်းဖို့ စတင်ကြိုးစားနေပါတယ်။ စက်မှုဇုန်တွေအနေနဲ့ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ အခက်အခဲတွေ အများကြီး ရှိနေတယ်လို့ လှိုင်သာယာ စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇ ရဲ့ အတွင်းရေးမှူး ဒေါက်တာ ခင်မောင်ဦးက ပြောပါတယ်။ “ကျနော်တို့ စက်မှုလုပ်ငန်းလုပ်တယ်ဆိုတာက လျှပ်စစ်ဓာတ်အားမရှိပဲ စက်က ဘယ်လို မောင်းမလဲ။ လျှပ်စစ်မရှိရင် စက်မှုဇုန်က လက်မှုဇုန် ဖြစ်သွားမှာပေါ့။ မီးစက်တွေ မောင်းနိုင်ပေ မယ့် စရိတ်ကကြီးတဲ့အခါ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ဘယ်လို ယှဉ်နိုင်မလဲ။” စက်မှုဇုန်တွေက တာဝန်ရှိသူတွေ တွေ့ဆုံကြရာမှာလည်း လျှပ်စစ်ဓာတ်အား မလုံလောက်တာ က အဓိက အခက်အခဲလို့ အများစုက တင်ပြခဲ့ကြပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ စက်မှုဇုန် ၂၉ ခုလုံး ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီကော်မတီကနေ စက်မှုဇုန်တွေအတွက် လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ပေါ်ထွက်လာ အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက စတင်လိုက်တဲ့ အာဆီယံနိုင်ငံအချင်းချင်း လွတ်လွတ်လပ်လပ် ကုန်သွယ်ခွင့်ကြောင့် ပြည်တွင်းကို တခြားနိုင်ငံက ထုတ်ကုန်တွေ ဝင်ရောက်လာရင် ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းက အနိမ့်ဆုံးမှာရှိနေတာပါ။ “တန်ဖိုးမြှင့် ထုတ်ကုန်တွေ မထုတ်နိုင်သေးဘူး။ လူတွေကလည်း မရင့်ကျက်သေးဘူး။ အဲဒါတွေက ကျမတို့ရဲ့ အားနည်းချက်ပဲပေါ့။ တချို့ ဥပဒေတွေကလည်း အဆင်သင့် မဖြစ်သေး ဘူး။ AEC (အာဆီယံ စီပွားရေး အသိုက်အ၀န်း) မှာ အားလုံးက အဆင်သင့် မဖြစ်သေးဘူး။ သူတို့ အဆင်သင့် မဖြစ်သေးတာထက် ကျမတို့ အဆင်သင့် မဖြစ်သေးတာက ပိုနိမ့်တယ်” လို့ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ စက်မှုဇုန် ၂၉ ခုရှိနေပြီး ဒီအတွက် ဥပဒေ၊ နည်းဥပဒေတွေ မရှိသေးပဲ အိုးအိမ်ဦးစီးဌာနရဲ့ ညွှန်ကြားလွှာတခုတည်းနဲ့ လည်ပတ်နေရတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024