ပျောက်ဆုံး အီဂျစ်လေကြောင်းလိုင်းလေယာဉ် မြေထဲပင်လယ်ထဲ ပျက်ကျဟု အတည်ပြု

ဓာတ်ပုံ - ရိုက်တာ
မေလ ၁၉ ရက်ညက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ကနေ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်ကို ပျံသန်းရင်း ပျောက်ဆုံးနေတဲ့ အီဂျစ်လေကြောင်းလိုင်း လေယာဉ်ဟာ မြေထဲပင်လယ်ထဲ ပျက်ကျသွားပြီလို့ ပြင်သစ်သမ္မတက အတည်ပြု ပြောဆိုပါတယ်။ လက်ရှိအချိန်အထိ ရရှိထားတဲ့ အချက်အလက်တွေအရ လေယာဉ်ဟာ ပင်လယ်ထဲ ပျက်ကျသွားပြီလို့ ပြင်သစ်နဲ့ အီဂျစ် နှစ်နိုင်ငံအာဏာပိုင်တွေက စိတ်မကောင်းစွာနဲ့ပဲ အတည်ပြုလိုက်ကြပြီး ပျက်ကျသွားရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူးလို့ ပြင်သစ်သမ္မတ အော်လွန်းက ပြောဆိုပါတယ်။ လေယာဉ်သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ အဲဘတ်စ် အေ ၃၂၀ (အေတွန်တီ) လေယာဉ်လို့ အဲဘတ်စ် လေယာဉ်ကုမ္ပဏီက ပြောပါတယ်။ ကလေး ၃ ဦး အပါအ၀င် ခရီးသည် ၅၆ ဦး၊ လေယာဉ်အမှုထမ်း ၇ ဦးနဲ့ လေယာဉ်လုံခြုံရေးဝန်ထမ်း ၃ ဦး၊ စုစုပေါင်း ၆၆ ဦး လိုက်ပါသွားကြတယ်လို့ အီဂျစ်လေကြောင်းလိုင်းက အတည်ပြုပါတယ်။ အီဂျစ်နိုင်ငံသား ၃၀၊ ပြင်သစ်နိုင်ငံသား ၁၅ ဦးနဲ့ ဗြိတိန်နိုင်ငံသား ၁ ဦးတို့ လိုက်ပါသွားတယ်လို့လည်း လေကြောင်းလိုင်းက ဆိုပါတယ်။ ဂရိနဲ့ အီဂျစ်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ လေယာဉ်ပျောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေကြပြီး ပြင်သစ်နိုင်ငံကလည်း ရှာဖွေရေးသင်္ဘောတွေနဲ့ လေယာဉ်တွေ စေလွှတ်ကူညီရေး ကမ်းလှမ်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up