တရုတ်နိုင်ငံမှ ၀မ်ရာရှန်အမည်ရတဲ့ အမျိုးသမီးသတင်းအယ်ဒီတာတဦးဟာ သ တင်းဆောင်းပါးတွေရေးသားတာတွေ တည်းဖြတ်တာတွေကို ပုံမှန်လုပ်နေခဲ့ပေမယ့် မေလ ၁၈ ရက်နေ့မှာတော့ သူ့ရဲ့သေဆုံးမှုက အမျိုးသားရေးနဲ့ ဆိုင်တဲ့ သတင်းခေါင်းကြီးပိုင်း တခုဖြစ်သွားခဲ့ပါတယ်။
အသက် ၂၈ နှစ်သာရှိသေးတဲ့ ၀မ်ဟာ အသည်းကင်ဆာနဲ့ ဖျားနာပြီး ကွယ်လွန် ခဲ့ရတာပါ။
သူ့ရဲ့ရောဂါတွေနဲ့ပတ်သက်ပြီး ဒါဟာ အလုပ်ခွင်မှာ အချိန်ကြာမြင့်စွာထိုင်ပြီး နောက်ကျတဲ့အထိ အလုပ်လုပ်ရတာတွေ၊ အလုပ်ဖိအားတွေကြောင့် နာတာရှည်ရောဂါ ဖြစ်ခဲ့ရတာလို့ သူ့ရဲ့ဝေဘိုလူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာပါ။
“ကျမရဲ့အဖြစ်က ဥပမာတခုပါပဲ”လို့ သူက ပြီးခဲ့တဲ့လအစောပိုင်းတုန်းက ရေး သားခဲ့တာပါ။
ဝမ်ဟာ တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှာ လုပ်ငန်းခွင်တွင်းအချိန်ကြာမြင့်စွာ လုပ်ကိုင်ရတာနဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့ ပြောင်းလဲမှုကနေ ကင်ဆာရောဂါဆီဦးတည် နေတယ်ဆိုတဲ့ ဆောင်းပါးကို ရေးခဲ့တာဖြစ်ပြီး အဲဒါဟာ သူ့ရဲ့နောက်ဆုံးဆောင်းပါးတ ပုဒ်ဖြစ်ခဲ့ပါပြီ။
သူဟာ တရုတ်ဦးဆောင် အင်တာနက်ကုမ္ပဏီတခုဖြစ်တဲ့ နက်တ်အိစ်(NetEase) ရဲ့ မီဒီယာဝန်ဆောင်မှုဌာနတခုမှာ အလုပ်လုပ်ခဲ့တာပါ။
ကုမ္ပဏီက ၀မ်ရဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီး သူတို့ရဲ့ တရားဝင်ဝေဘိုလူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် ဆုတောင်းစကားကို ဖော်ပြခဲ့ပေမယ့် ၀မ်ရဲ့စာမျက်နှာပေါ်က အလုပ်ဖိအားကြောင့်သေဆုံးရတယ်ဆိုတဲ့ အကြောင်းအရာပေါ်မှာတော့ မှတ်ချက်တစုံ တရာ မပေးခဲ့ပါဘူး။
တရုတ်နိုင်ငံမှာ နှစ်စဉ်လူပေါင်း ၂ ဒဿမ ၁ သန်းဟာ ကင်ဆာရောဂါကြောင့် သေဆုံးနေကြရပြီး ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ လုပ်ငန်းခွင်တွင်းကာလ ရှည်ကြာနေထိုင်အလုပ်လုပ်ကြရတာလည်း တခုအပါအ၀င်ဖြစ်တယ်လို့ တရုတ်နိုင်ငံ ကင်ဆာရောဂါတိုက်ဖျက်ရေးအဖွဲ့က ဆိုပါတယ်။
ခုလိုဝမ်ရဲ့သေဆုံးမှုကတော့ တရုတ်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ နေပြီးအလုပ်ဖိအားများလွန်းတာနဲ့ ကင်ဆာရောဂါရဲ့ ဆက်စပ်ပတ်သက်နေမှုအပေါ် ဆွေးနွေဝေဖန်မှုတွေ ရှိလာခဲ့တာဖြစ်ပြီး တရုတ်သတင်းသမားတွေအတွက် ဂရုစိုက်စရာ တခုအနေနဲ့ ဖြစ်လာခဲ့ပါတယ်။

ဘာသာစကား ၂ မျိုးနဲ့ ထုတ်လွှင့်တဲ့ ရုပ်သံသတင်းဌာနတခုမှ သတင်းစာဆရာ တဦးဖြစ်ပြီး ကိုယ်ပိုင်မီဒီယာလုပ်ငန်းတခုလည်း တည်ထောင်ထားတဲ့ ဇူဖန်လီက ၀မ်ရဲ့ သေဆုံးမှုဟာ ၂၄ နာရီလုံး သတင်းလည်ပတ်မှုအတွက် လုပ်ဆောင်နေကြရတဲ့ သတင်း သမားတွေကို သတိပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ထောင်နဲ့ချီတဲ့ အင်တာနက်အသုံးပြုသူတွေဟာ နေ့စဉ်ဘ၀မှာ ရင်ဆိုင်နေရတဲ့ စိတ်တင်းကြပ်မှုတွေကြောင့် ဖြစ်လာတဲ့ ၀မ်ရဲ့ သေဆုံးမှုအပေါ် ဆုတောင်းပေးခဲ့ကြတာ ပါ။
ဂူရှန်ဒါဘိုင်ယန်းအမည်နဲ့ ဝေဘိုအသုံးပြုသူတဦးက “ငြိမ်းချမ်းစွာ အနားယူနိုင်ပါ စေ။ ကောင်းကင်ဘုံမှာ သတင်းတွေနဲ့ အချိန်ပိုလုပ်ရတာတွေမရှိစေဖို့ မျှော်လင့်ပါ တယ်”လို့ ရေးခဲ့ပါတယ်။