ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတင်သွင်း
နေဖြိုးဝင်း
·
May 19, 2016
မေလ ၁၉ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၀ က ဒေါက်တာမျိုးအောင်က တင်သွင်းခဲ့တာဖြစ်ပါတယ်။
ဒီဥပဒေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၁/၉၀ ဖြင့် ၁၉၉၀ ခုနှစ်က ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ယခုအခါ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဇယား ၂ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ရေးဆွဲပြဋ္ဌာန်းခဲ့ပြီးဖြစ်လို့ ဒီဥပဒေကို ရုပ်သိမ်းဖို့ ဥပဒေကြမ်းတင်သွင်းရတာဖြစ်တယ်လို့ ဒေါက်တာမျိုးအောင်က ပြောပါတယ်။
ဒီရုပ်သိမ်းတဲ့ ဥပဒေကြမ်းလက်ခံဆွေးနွေးဖို့ အဆိုတင်သွင်းတာကို ကိုယ်စားလှယ်တဦးက ထောက်ခံခဲ့ပါတယ်။ လက်ခံဆွေးနွေးဖို့ သဘောမတူတဲ့သူမရှိတဲ့အတွက် လွှတ်တော်က လက်ခံဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ဥပဒေကြမ်းကော်မတီကို လွှဲအပ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။