အီဂျစ် ခရီးသည်တင်လေယာဉ် ရေဒါကနေ ပျောက်

484
ပြင်သစ်နိုင်ငံ ပဲရစ်ကနေ ကိုင်ရိုကို ထွက်ခွာလာတဲ့ အီဂျစ်လေယာဉ်ဟာ ရေဒါကနေ ပျောက်သွားတယ်လို့ အီဂျစ်လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။
လေကြောင်းနံပါတ် MS 804ပေါ်မှာ ခရီးသည် ၅၉ ဦးနဲ့ လေယာဉ်မောင်းသမားနဲ့ အမှုထမ်း ၁၀ ဦးပါသွားတယ်လို့ ဆိုပါတယ်။
ပျောက်သွားတဲ့အချိန်မှာ လေယာဉ်ဟာ အမြင့် ပေ ၃သောင်း ၇ ထောင်မှာ ပျံသန်းနေတာ ဖြစ်ပြီး မြေထဲပင်လယ် အရှေ့ပိုင်းမှာ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။
ကိုင်ရို စံတော်ချိန် ၂ နာရီ ၄၅ မိနစ်မှာ ရေဒါနဲ့ အဆက်အသွယ်ပြတ်သွားတာ ဖြစ်ပြီး သတင်းအချက်အလက်တွေ ပိုမိုရရှိလာရင် ထုတ်ပြန်ပေးမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
အီဂျစ်လေပိုင်နက်ထဲကို ၁၀ မိုင်ဝင်ရောက်လာပြီး လေယာဉ်က ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ ရှာဖွေရေးအဖွဲ့က ဂရိအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး လေယာဉ်ကို ရှာဖွေနေပါတယ်။
ပဲရစ်ကနေ မေ ၁၈ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီကျော်မှာ ထွက်ခွာသွားတာ ဖြစ်ပြီး မေ ၁၉ ရက် အီဂျစ် စံတော်ချိန် ၃ နာရီမှာ ရောက်ရှိရမှာ ဖြစ်ပါတယ်။