၁၂ ဘီးယာဉ် အိမ်ကို ညအချိန်မတော်ဝင်တိုက်၊ အိပ်ပျော်နေသူ ၁ ဦး ဒဏ်ရာရ
DVB
·
May 19, 2016
ပဲခူးတိုင်းဒေသကြီး ဖဒိုမြို့ ဆေးရိုးခင်ကျေးရွာမှာ ဖဒိုကျွန်းကုန်း လမ်းဘေးရှိ နေအိမ်ကို ဒီနေ့ မနက် ၂ နာရီခွဲလောက်က ၁၂ ဘီး နောက်တွဲထွေလာယာဉ်တစီးက ၀င်တိုက်ခဲ့ပြီး အိမ်ထဲမှာ အိပ်နေတဲ့ အမျိုးသမီးတဦး ဒဏ်ရာရှိခဲ့ပါတယ်။
ကျွန်းကုန်းလမ်းဆုံကနေ ဖဒိုဘက်ကို မောင်းလာတဲ့ ၁၂ ဘီး နောက်တွဲထွေလာယာဉ် အမြန်လမ်းကိုသွားတဲ့ ဖဒိုကျွန်းကုန်းလမ်းဘေးရှိ ဆေးရိုးခင်ကျေးရွာ ရွာဦးတံတားကို ဝင်တိုက်ပြီး တဆက်တည်း လမ်းဘေးဓာတ်တိုင်တွေ၊ ဆေးဆိုက်ခန်းတွေကို ဝင်တိုက်ခဲ့ပါတယ်။
ဒီနောက်မှာတော့ အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးထဲ ဝင်သွားရာ ဦးမြင့်ဦး တစ်ထပ်တိုက်အိမ်ဦးခန်း နံရံကို ဝင်တိုက်ပြီးမှ စက်ရှိန်သေ ရပ်သွားပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆေးရိုးခင် ရွာဦးတံတား ဓာတ်တိုင်နဲ့ ဆိုင်ခန်းတွေ ပျက်စီးဆုံးရှုံးကာ တိုက်မီတဲ့ အိမ်နံရံပြိုကျပြီး အိမ်ပိုင်ရှင် ဦးမြင့်ဦးရဲ့ ဇနီး အိပ်ပျော်နေသူ မစန်းအေးမှာ နံရံပြိုကျချိန်မှာ ဒဏ်ရာရှိတဲ့အတွက် ဖဒို ဆေးရုံကို အရေးပေါ် တင်ပို့လိုက်ရပါတယ်။
ယာဉ်မောင်းဟာ ဆယ်လေ့ရွာကဖြစ်ပြီး သူငယ်ချင်းယာဉ်ပိုင်ရှင် အရက်မူးပြီး အိပ်ပျော်နေစဉ် မူးရစ်သောက်စားကာ အပျော်မောင်းထွက်လာတာလို့ သိရပါတယ်။
ယာဉ်မောင်း ဦးလွတ်လပ်အောင်ကို ဖဒိုရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေး မေးမြန်းနေတယ်လို့ ရဲစခန်းတာဝန်ရှိသူတဦးက ဖြေပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုသူရိန်