Home
မြန်မာသတင်း
ဦးလေးဖြစ်သူက ကလးငယ်ကို နှိပ်စက်ပြီး လူသူမဲ့ကျွန်းပေါ် စွန့်ပစ်
DVB
·
May 19, 2016
ကော့သောင်းမြို့ စူငယ်ဘာလိုင်းကျေးရွာအုပ်စု အောင်ဘာစံပြကျေးရွာမှာနေထိုင်တဲ့ ၁၄ နှစ်အရွယ် ကလေးငယ်တဦးကို ဦးလေးဖြစ်သူက ရိုက်နှက်ညှဉ်းပန်းမှု ပြုလုပ်ပြီး လူမနေတဲ့ ကျွန်းပေါ်မှာ စွန့်ပစ်ခဲ့မှုတခု ဖြစ်ပွားခဲ့ပါတယ်။ မေ ၁၇ ရက်နေ့က ကော့သောင်းမြို့နယ် တိုက်နယ်ဆေးရုံမှာ ဒဏ်ရာတွေနဲ့ စွန့်ပစ်ထားရတဲ့ အသက် ၁၄ နှစ်ခန့်အရွယ် ကလေးငယ်တဦး ရောက်နေကြောင်း သတင်းရရှိလို့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ပါတယ်။ ပိတောက်ရွှေဝါရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ ဦးကျော်သက်နိုင်နဲ့ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ရဲအုပ်အောင် ဇော်မင်းထွန်း ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၁၄ နှစ်အရွယ် မောင်သန်းနိုင်စိုးကို ဦးလေးဖြစ်သူ ဦးချစ်ဖူးက ပင်လယ်တွင်း ငါးဖမ်းထွက်စဉ် စက်နှိုးတန်နဲ့ ဦးခေါင်းကို ရိုက်နှက်တာ၊ လည်ပင်းကို ကြိုးနဲ့ ချည်ပြီး ဒရွတ်တိုက်ဆွဲတာ၊ နားရွက်ကို ဓားနဲ့ မွှန်းတာတွေ ပြုလုပ်ခဲ့ပြီး လှေထဲမှာ ၂ ရက်ကြာ အစာရေစာမကျွေးဘဲ ထားရှိခဲ့ကြောင်း ကလေးငယ်က ဖြစ်စဉ်ကို ပြန်လည်ရှင်းပြခဲ့တယ်လို့ ဒီဗွီဘီနယ်ခံသတင်းထောက်က ပြောပါတယ်။ ဒီနောက်မှာတော့ ခြေထောက်ကို ငါးမြားချိတ်နဲ့ ချိတ်ပြီး ဘုတ်ပြင်းမြို့နယ် လူမနေတဲ့ ကာရမ်းကျွန်းပေါ် စွန့်ပစ်ထားတာ ငါးဖမ်းလှေတစီးက တွေ့ရှိကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။ မောင်သန်းနိုင်စိုးဟာ မိဘမဲ့ကလေးငယ်တဦးဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့သူ ဦးလေးဖြစ်သူကိုလည်း ဖမ်းဆီးမိခဲ့ပြီး တာဝန်ရှိသူတွေက တရားစွဲဆိုဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ အခုချိန်မှာတော့ မောင်သန်းနိုင်စိုးဟာ ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေပြီး ကော့သောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ စာရေးဝန်ထမ်းတွေက ကူညီထောက်ပံ့ငွေ ၁ သိန်းကျော် လှူဒါန်းထားပါတယ်။ မောင်သန်းနိုင်စိုးကို ထောက်ပံ့ကူညီပေးလိုသူတွေအနေနဲ့ ပိတောက်ရွှေဝါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦကျော်သက်နိုင် (ဖုန်း-09422211136) ထံတက်သွယ်နိုင်ကြောင်း သိရပါတယ်။ သတင်းဓာတ်ပုံ - လတ်ကိုကိုဦး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024