Home
သုံးသပျခကျြ
ငြိမ်းချမ်းရေးညီလာခံခေါ်ရင် ဘယ်လိုလူတွေ ပါသင့်လဲ - အယ်ဒီတာစကားဝိုင်း
DVB
·
May 19, 2016
ပြီးခဲ့တဲ့ ဧပြီလထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံတခုကို တလနှစ်လအတွင်း ခေါ်ဆိုမယ်ပေါ့။ အဲဒါနဲ့ပတ်သက်တဲ့ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံတခုခေါ်ဖို့ ဖြစ်နိုင်ခြေ၊ ခေါ်ရင်လည်း တကယ်တမ်း အားလုံးပါဝင်နိုင်တဲ့ တကယ်လည်း ငြိမ်းချမ်းရေးကို ဦးတည်နိုင်တဲ့ဟာမျိုး ဘာတွေဖြစ်လာနိုင်လဲဆိုတာ တင်ဆက်မှာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ မကြာခင်က ဒေါ်အောင်ဆန်းစုကြည်က ကော်မတီအသစ်တခုကို ဖွဲ့ထားပါတယ်။ ခေါင်းစဉ်ကတော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီပါ။ ဒေါက်တာတင်မျိုးဝင်း သူ့ရဲ့ပုဂ္ဂိုလ်ရေး ဆရာဝန်ကို တာဝန်ခံအနေနဲ့ ခန့်အပ်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘာတွေဖြစ်လာနိုင်လဲ၊ တကယ်တမ်း တလနှစ်လအတွင်း ငြိမ်းချမ်းရေးညီလာခံ ခေါ်မယ်ဆိုရင်တော့ ဘယ်လိုလူတွေ ပါသင့်လဲ၊ အဲဒါနဲ့ပတ်သက်လို့ ဆွေးနွေးမှာပါ။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးဆောင်းပါးရှင် ဦးအေးမောင်ကျော်နဲ့ သင့်ဘ၀မဂ္ဂဇင်း အယ်ဒီတာ ဦးတင်မောင်သန်းတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) "လောလောဆယ်တော့ တိုင်းရင်းသားတွေဘက်က ၂၁ ရာစုနဲ့ကိုက်ညီတဲ့ ပင်လုံညီလာခံပေါ်မှာ တုံ့ပြန်မှုမျိုးစုံ ရှိပါတယ်။ ရှမ်းဆိုရင် တပ်နဲ့အရင်ညှိဦးလို့ ပြောသလို ရခိုင်ကလည်း ပင်လုံညီလာခံဆိုရင် အရင် ခွဲထွက်ရေးတွေ ပါလာဖို့ လိုတယ်လို့ ပြောသလိုမျိုး တုံ့ပြန်မှုတွေရှိသလို နောက် တချို့တိုင်းရင်းသားတွေဘက်မှာလည်း အန်အယ်လ်ဒီက တိုင်းရင်းသားတွေဘက်ကို စိတ်ဝင်စားမှုများ လျော့များလျော့လာသလားဆိုတဲ့ စိုးရိမ်ချက်တွေနဲ့ လောလောဆယ် ပြောနေပါတယ်။ တကယ်တမ်း တနိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေး ညီလာခံတခု လုပ်မယ်ဆိုရင် ဘာတွေလုပ်ဖို့ လိုအပ်မလဲ။ ဘယ်လိုလူတွေ ပါသင့်လဲ၊ အဲဒါလေး စပြီးဆွေးနွေးပေးပါ ဆရာ။" ဦးအေးမောင်ကျော် (နိုင်ငံရေး ဆောင်းပါးရှင်) “တကယ်တမ်းပြောရရင်တော့ ငြိမ်းချမ်းရေးညီလာခံက အန်စီအေစာချုပ်အရ လုပ်ကြရတာကိုး။ အန်စီအေစာချုပ်ဆိုတာလည်း ရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင်တွေအားလုံး ပါပြီးတော့ သဘောတူထားတဲ့ စာချုပ်ကြီးတခုပဲလေ။ ဆိုလိုတာက အန်စီအေစာချုပ်သည် အပစ်အခတ်ရပ်စဲရေးသက်သက် တခုတည်း မဟုတ်ဘူးဗျ။ ကမ္ဘာပေါ်မှာ အရှည်ဆုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကြီးပဲ။ အဲဒီထဲမှာ နိုင်ငံရေးအာမခံချက်တို့ နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စအားလုံး ထည့်ရေးထားရတယ်။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ဟာက အဲဒီဘောင်အရပြောရရင် ဆန္ဒစောတယ်လို့တော့ ပြောလို့မရဘူး။ ဒါလုပ်ရမယ့် အချိန်ကတော့ ရောက်နေပြီ။ ဒါပေမယ့်လို့ ကျနော်တို့က လောလောဆယ်မှာ အစိုးရသစ်အနေနဲ့ မြင်တာဆိုရင် သူတို့လည်း ဒီ ယန္တရားဟောင်းကြီးကို ဆက်ခံပြီး လုပ်ကြရတဲ့အခါမှာ လုပ်စရာတွေက အရမ်းများတယ်။ အရင်တုန်းကဆိုရင်တော့ ယူပီဒဗလျူစီဆိုတာ ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာ အလုပ်အဖွဲ့ပေါ့။ ဦးအောင်မင်းတို့ ခေါင်းဆောင်တဲ့ အဖွဲ့မျိုးပေါ့။ ဒီလိုအဖွဲ့မျိုးတွေလိုတယ်။ နောက် ယူပီဒီဂျေစီ ဆိုတာလည်း ရှိသေးတယ်။ အဲဒါက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ၊ အဲမှာကျတော့ တပ်လည်းပါမယ်၊ အစိုးရပါမယ်၊ လက်နက်ကိုင်အဖွဲ့တွေပါမယ်၊ နိုင်ငံရေးပါတီတွေပါမယ်။ ၁၆ ယောက်စီ ၄၈ ယောက် သုံးဖွဲ့ပေါ့နော်။ ဒီလိုအဖွဲ့တွေ ဖွဲ့ဖို့လိုတယ်။ အဲဒီအဖွဲ့ ပုံစံတူမဟုတ်သော်ငြား အဲလိုအလားတူ သဏ္ဌာန်ဆောင်တာကို ဖွဲ့ရမယ်။ နောက်တခုက ပါမယ့်အဖွဲ့တွေကျတော့ ခုန လက်မှတ်ထိုးထားတာ ၈ ဖွဲ့ပဲရှိတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ညီလာခံမှာ ၈ ဖွဲ့နဲ့ စခဲ့တယ်ပေါ့။ အခုကျတော့ ဒေါ်အောင်ဆန်းစုကြည် သဘောထားက အားလုံးပါဝင်နိုင်အောင် သူ ကြိုးစားမယ်။ တပြိုင်နက်တည်း အားလုံးပါအောင် ကြိုးစားတာနဲ့ ငြိမ်းချမ်းရေးညီလာခံစတာနဲ့ တပြိုင်နက်တည်းလုပ်မှာ တခုပြီးမှ တခုမဟုတ်ဘူး။ ဒါ လမ်းကြောင်းသစ်တခုပေါ့၊ ဘာလို့လဲဆိုတော့ အရင်က ကျနော်တို့က အားလုံးမပါတဲ့အတွက်ကြောင့် အဖွဲ့သုံးဖွဲ့ရှိတယ်။ ကိုးကန့်ရယ်၊ ပလောင်ရယ်၊ အေအေရယ်ပေါ့နော်။ ဒီသုံးဖွဲ့ မပါတဲ့အတွက်ကြောင့် မတက်တာပါ၊ မထိုးတာပါ ဆိုပြီးတော့ ယူအန်အက်ဖ်စီက ပြောခဲ့တာကိုး။ ဆိုတော့ ဒီပြဿနာကို ကျနော်တို့ ဖြေရှင်းရမယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတာကတော့ လမ်းကြောင်းသစ်ပဲ၊ ကျနော်တို့လည်း ဒါကို သဘောကျတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ တကယ် အခိုင်အမာ ဖော်ဆောင်တဲ့ အခါမှာတော့ နည်းပရိယာယ်တွေတော့ ရှိမယ်ထင်ပါတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဆရာတင်မောင်သန်းကိုလည်း ကျနော်မေးချင်ပါတယ်ခင်ဗျ။ တကယ်တမ်းတော့ စောစောက နှစ်ခုစလုံးကို တပြိုင်တည်းလုပ်ရမယ်၊ မပါသေးတဲ့သူတွေလည်း ပါလာနိုင်တဲ့ အခင်းအကျင်းတခုကို နောက်ထပ် ငြိမ်းချမ်းရေးညီလာခံမှာ ဖော်ဆောင်ပေးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ပေါ့နော်။ အဲလိုပဲ အပေးအယူလုပ်တဲ့နေရာမှာလည်း ကိုယ်က ဘာရမယ်ဆိုတာထက် ဘာပေးနိုင်လည်း ဆိုတာကိုလည်း သူက ထည့်ပြီးတော့ ပြောသွားတယ်။ အဲဒါ တကယ် လက်တွေ့ကျကျ တကယ်ကော အလုပ်ဖြစ်နိုင်ပါ့မလား။ နောက်တခု အားလုံးပါနိုင်ရေးနဲ့ ပတ်သက်ပြီး အားလုံးပူးပေါင်းပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး ညီလာခံတခုဖြစ်ဖို့ ဘာတွေလိုအပ်မလဲ ဆရာဖြည့်စွက်ဆွေးနွေးပေးပါဦး။" ဦးတင်မောင်သန်း (အယ်ဒီတာ - သင့်ဘ၀မဂ္ဂဇင်း) "ညီလာခံရဲ့ သဘောတွေကတော့ အခြေခံအားဖြင့် တော်တော်များများ သဘောတူညီပြီးတဲ့အခါကျမှ များသောအားဖြင့် ညီလာခံကို သွားကြတဲ့သဘောပေါ့။ ပိုပြီးတော့ တရားဝင်အောင်၊ အများလည်း ပါဝင်နိုင်အောင်ဆိုတဲ့ ဟာမျိုးပေါ့နော်။ ယေဘုယျအားဖြင့်တော့ ငြိမ်းချမ်းရေးလုပ်ငန်းရဲ့ သဘောမှာက လူများပြီး ပွဲမစည်တာမျိုး ဖြစ်မှာလည်း ကြောက်ရတယ် တဘက်မှာ။ တကယ်အလုပ်လုပ်ပြီဆိုရင် လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းသွားတဲ့နည်းက နှစ်ဘက်ဆွေးနွေး ညှိနှိုင်းရတဲ့ ပြဿနာတွေမှာ ပိုပြီးတော့ အလုပ်ဖြစ်တာ တွေ့ရတယ်။ နှစ်ဆင့်ရှိမယ်ပေါ့။ တခုက နှစ်မျိုးပေါ့။ တအုပ်စုက နိုင်ငံရေးအဆင့်အရ ဆွေးနွေးကြရမယ့် နိုင်ငံရေးအုပ်စုရှိမယ်။ ဒုတိယကကတော့ ငြိမ်းချမ်းရေးမှာ ကြားဝင်စေ့စပ်ပေးတဲ့ နည်းနာပိုင်းဆိုင်ရာ အထောက်အကူပြုတဲ့ဟာ ရှိမယ်။ ဒီလူတွေအကုန်လုံးက အလုပ်သဘောမျိုးအရ ပထမဆုံး ညီလာခံမှာတင်မယ့် ကိစ္စတွေအတွက် ဆွေးနွေးညှိနှိုင်းတယ်၊ ကိုအေးမောင်ကျော်ပြောသလိုပဲ အန်စီအေ သဘောတူညီချက်ကြီး ရှိပြီးပြီ။ ကျန်နေတာက မရှိသေးတာပေါ့။ လက်ရှိပြဿနာကို ဘယ်လိုရှင်းမလဲဆိုတာ လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး အလုပ် လုပ်နိုင်တဲ့ဟာ တခုပေါ့နော်။ အခုဆိုရင် ဆရာတင်မျိုးဝင်းရဲ့ ကော်မတီလည်း ရှိလာပြီ။ အဲဒီကော်မတီအနေနဲ့ လုပ်ပြီးတော့မှ ညီလာခံကို၊ ဒါမှဟုတ် ညီလာခံကို စပြီးတဲ့အခါမှာ ညီလာခံက ဘယ်လိုအလုပ်လုပ်မယ်ဆိုတဲ့ အခြေခံဆုံးဖြတ်ချက်ကို ပြန်ချပြီးတော့၊ နောက်တခါ အလုပ်လုပ်ပြီးတော့မှ ညီလာခံက ဆက်တိုက်ကြီးသွားရမယ်လို့ ကျနော်ထင်တယ်။ မဟုတ်ဘဲနဲ့ ညီလာခံကြီးတခုလုံးမှာပဲ လူအများကြီးနဲ့ပဲ အုပ်စုတွေပြောနေမယ်ဆိုရင် ရှေ့ဆက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် နည်းနည်းလေး လူများပြီး ပွဲမစည်တဲ့ အခက်အခဲမျိုးများ ဖြစ်နိုင်မလားပေါ့။ ဒါလေးလည်း စိုးရိမ်တယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဆရာတင်မောင်သန်းကတော့ ဒီဟာကို ပိုပြီး စနစ်တကျပေါ့၊ သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ ပြောသလို၊ ကျနော်တို့ ငြိမ်းချမ်းရေးညီလာခံနဲ့ တပ်မတော်အခန်းကဏ္ဍကလည်း ပါတယ်။ ဒေါ်စုကလည်း အားလုံးပါစေချင်တယ်။ နောက် တပ်မတော်ကလည်း အထူးသဖြင့် သုံးဖွဲ့ကို နဂိုကတည်းက မပါစေချင်ဘူး၊ မပါစေချင်လို့ အရင်တုန်းက အန်စီအေ ၁၆ ဖွဲ့မှာ ၈ ဖွဲ့ပဲ ထိုးနိုင်ခဲ့တယ်။ အထူးသဖြင့် ရခိုင်ရယ်၊ ကိုးကန့်ရယ်၊ တအောင်းရယ်ပေါ့ သုံးခုကျန်ခဲ့တယ်။ အဲဒါတွေကော တကယ်တမ်း လက်တွေ့ကျကျ တပ်မတော်အနေနဲ့ တကယ်လို့ အန်အယ်လ်ဒီက ဦးဆောင်ပြီးတော့ ခေါ်လာမယ်ဆိုရင် ဘယ်လိုအခင်းအကျင်းတွေ ဖြစ်လာနိုင်လဲ။ တပ်မတော်ရဲ့ ပါဝင်မှုက ငြိမ်းချမ်းရေးညီလာခံမှာ ဘာတွေလုပ်ပေးသင့်လဲ။ အဲဒါကို ဆရာအေးမောင်ကျော် နည်းနည်းဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦး။" ဦးအေးမောင်ကျော် (နိုင်ငံရေး ဆောင်းပါးရှင်) "အခုက တကယ်တမ်းတော့ ညီလာခံဆိုတာ ပြီးခဲ့တဲ့ညီလာခံက ၅ ရက်ပဲ တက်သုတ်ရိုက်ပြီးတော့ ကျင်းပလိုက်ရတာကိုး။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေ တလျှောက်လုံးမှာ အရေးကြီးတာ တပ်ရဲ့အခန်းကဏ္ဍ ပိုအရေးကြီးတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဒါက အပစ်အခတ်ရပ်စဲရေး ဖြစ်တာကိုး။ တပ်နှစ်တပ်က ရပ်စဲမှ ဖြစ်တာကိုး။ အဲတော့ ဟိုဘက်တပ်နဲ့ ဒီဘက်တပ်မတော်နဲ့ အပစ်အခတ် မရပ်စဲနိုင်ဘူးဆိုရင် ညီလာခံမှာ ပါဖို့ဆိုတာ ဘာပဲဖြစ်ဖြစ် အခက်အခဲရှိတာပဲ။ ဒါက ဘက်နှစ်ဘက်ပြဿနာ ဖြစ်တယ်ဗျ။ ခုနပြောတဲ့ ကိုးကန့်ဆိုရင် တပ်က ခါးခါးသီးသီးပဲ လုံးဝလက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ သူက ဒီအစိုးရနယ်မြေတခုပေါ့၊ ရွေးကောက်ပွဲ ကျင်းပထားတဲ့ နယ်မြေတခုကို ၀င်သိမ်းတာကိုး။ ဒါက နိုင်ငံတော်တရပ်အနေနဲ့ ကျနော်တော့ နားလည်နိုင်တယ်လို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် လက်နက်ကိုင်တိုက်ပွဲတခု ရှိလာရင် အဲဒီပြည်နယ်က ဒုက္ခရောက်တာပဲ။ ပထမဦးဆုံး ဒုက္ခရောက်တာ ပြည်သူတွေ ဒုက္ခရောက်တာပဲ။ အဲဒီအတွေ့အကြုံက ရှမ်းတို့၊ ကချင်တို့၊ ကရင်တို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးဆယ်ကတည်းက ရှိထားပြီးပြီ။ ရခိုင်က အခုမှရှိတာ။ ရခိုင်က အခုမှရှိတော့ အဲဒီဟာ တရားခံက ဘယ်သူလဲ။ နည်းနည်းခက်တာပေါ့ ဒီကိစ္စက။ သူတို့ဘက်ကပြောတော့ ရခိုင်တပ်မတော်က ဘာဖြစ်တယ်၊ ဒီဘက်ကကျတော့လည်း အစိုးရတပ်မတော်က ဘာဖြစ်တယ်။ အဲဒါတွေက နည်းနည်းလေး ခက်တယ်ပေါ့။ နိုင်ငံရေးအရ ကျနော်တို့က ဖြေရှင်းရမယ်ဆိုသည့်တိုင်အောင် စစ်ရေးအရ ခြေကုပ်ယူဖို့နဲ့ ဒီလိုနေရာတွေ ယူထားပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ အသားစီးရမယ်ဆိုတဲ့ဟာမျိုးတွေ ရှိလာတယ်ဆိုရင် ဒါ ကျနော်တို့ ဆွေးနွေးပွဲတွေအတွက် အနှောင့်အယှက် အဟန့်အတား ဖြစ်နိုင်တာပဲဗျ။ အဲတော့ ကျနော့်အမြင်က အန်အယ်လ်ဒီ အနေနဲ့က နိုင်ငံရေးအရတော့ ဦးဆောင်ရမှာပဲ။ ဒီပွဲကြီးတခုလုံးကိုပေါ့နော်။ ဒါ လုံးဝသေချာတယ်။ နောက်တခုကကျတော့ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ကြားထဲမှာ တခါတရံမှာ တချို့ကိစ္စတွေမှာ မီဒီယေတာ သဘောတော့ လုပ်ပေးရလိမ့်မယ်။ သူက ဟိုဘက်ကလည်း မဟုတ်ဘူး၊ ဒီဘက်ကလည်း မဟုတ်ဘူးဆိုတဲ့ အနေအထားမျိုးနဲ့ ၀င်ပြီးတော့ လုပ်ပေးရမယ့်သဘောရှိတယ်။ နောက်တခုကကျတော့ လက်နက်ကိုင်ပဋိပက္ခတွေက ဘေးနိုင်ငံတွေနဲ့ပါ ပတ်သက်လာတယ်။ ဘေးနိုင်ငံတွေနဲ့ပါ ပတ်သက်လာတဲ့အခါကျတော့ အဲဒီ နိုင်ငံခြားရေးရာကိစ္စနဲ့ပါ တခါပြန်ပြီးတော့ လုပ်ရမယ့်သဘောတွေ ဖြစ်လာတယ်ပေါ့၊ အန်အယ်လ်ဒီအနေနဲ့။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဆရာတင်မောင်သန်းကိုလည်း မေးပါဦးမယ်။ ဦးခွန်ထွန်းဦးကတော့ ပြောပါတယ်။ ဒီလို ၂၁ ရာစု ပင်လုံညီလာခံမျိုး တကယ်ဖြစ်ချင်ရင်တော့ တပ်မတော်ရဲ့ သဘောထားလည်း လိုတယ်။ အစိုးရတပ်မတော်နဲ့ သူတို့ Object လုပ်ထားတဲ့ အဖွဲ့တွေ ရှိတယ်ပေါ့။ ညီလာခံမှာ တပ်မတော် ပူးပေါင်းပါဝင်လာအောင် တကယ်တမ်း အားလုံး အထူးသဖြင့် One of the Key State Holder တယောက်အနေနဲ့ ဘယ်လို Strategy နဲ့ ဘယ်လိုမျိုးပါလာအောင် လုပ်သင့်တယ်ဆိုတာလေးကို ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦးဆရာ။" ဦးတင်မောင်သန်း (အယ်ဒီတာ - သင့်ဘ၀မဂ္ဂဇင်း) "ယေဘုယျအားဖြင့်တော့ ဗမာပြည်ကို အနာဂတ်မှာ ဘယ်လိုထူထောင်မလဲဆိုတဲ့ အမြင်၊ ပါနေတဲ့အဖွဲ့တွေ အကုန်လုံးမှာ တူတူမျှမျှ မြင်နိုင်ကြတယ်ဆိုရင် ကောင်းတာပေါ့နော်။ အဲလိုအမြင်နဲ့ပဲ အနာဂတ်ကို ကြည့်ပြီးတော့ပဲ ဒီဘက်ကို ပြန်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်တာ နည်းနည်းပိုပြီး အားကောင်းမယ်လို့ ကျနော်ထင်တယ်။ ဒါကတော့ အနာဂတ်အမြင်ကို ထူထောင်တဲ့ကိစ္စပေါ့။ ဒါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးမားတဲ့အခန်းကဏ္ဍလို့ ကျနော်ထင်တယ်။ သူပဲ လုပ်နိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။ တခြားသူလုပ်နိုင်ဖို့ တော်တော်ကြီးခက်ပါတယ်။ ဒုတိယတချက်ကတော့ ခုန ကွဲနေတဲ့ကိစ္စပေါ့နော်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ကြတဲ့အခါကျတော့ အကုန်ရရင်ရ မရရင် မယူဘူးဆိုတဲ့ သဘောထားမျိုး ထားတာထက်၊ ကျနော်တို့ရသလောက် အခုဆိုရင် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး စာချပ်ကို အဖွဲ့အားလုံးက စာသားတွေ အကုန်လုံးကို သဘောတူပြီးမှ လက်မှတ်မထိုးတာပဲ ကျန်တယ်ပေါ့နော်။ ဆိုတော့ အရင်တုန်းကတော့ စစ်အစိုးရနဲ့ ဆက်နွယ်နေတဲ့ အစိုးရမို့ သဘောမတူချင်ဘူးဆိုလည်း အခု လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလက်ထဲ ရောက်လာပြီ။ ဒါ စောစောက သဘောတူလိုက်ပါ။ ခုန တပ်က လက်မခံနိုင်သေးဘူး ဆိုရင်လည်း ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ခုန ကိုအေးမောင်ပြောခဲ့သလိုပဲ ကျနော်တို့ ကြားက စေ့စပ်ညှိနှိုင်းပေးမယ့် ဘယ်လိုပုံစံနဲ့ လုပ်လို့ရမလဲဆိုတာ ပြန်ဖော်ကြည့်လို့ရပါတယ်။ လုပ်လို့ရတဲ့ သဘောတူပြီးသားကိစ္စကို မြန်မြန်ထက်ထက် ဒါအရင်ဆုံးလုပ်လိုက်တာ တိုင်းပြည်အတွက် အရွေ့ပိုပြီးတော့ကောင်းမယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပိုပြီးကောင်းမယ်လို့ ကျနော်ထင်တယ်။ နိုင်ငံရေးအရလည်း ပိုပြီးကောင်းမယ်။ ဒါကြောင့်မို့လို့ လုပ်လို့ရနိုင်ပါတယ်။ သို့သော် မူဆိုင်ရာကိစ္စတွေတော့ ရှိတယ်။ တပ်ဘက်ကနေ ပြောနေတာ ကျနော် ဘေးကကြည့်ရတဲ့အခါမှာ အချုပ်အခြာအာဏာ ပိုင်စိုးရေး မူအရ ကိုးကန့်လုပ်တာကို လက်မခံနိုင်ဘူး။ အေအေနဲ့ တအောင်းဆိုရင်လည်း နောက် ပေါ်လာတဲ့ အဖွဲ့တွေ ပြန်ပြီးတော့ ဖန်တီးလိုက်တာ။ အဲဒီနောက်ကွယ်မှာ နိုင်ငံရေးကစားကွက်တွေ ရှိတယ်ဆိုတဲ့ အမြင်တွေလည်း ရှိတယ်။ ဒါတွေက စေ့စပ့်ညှိနှိုင်းပြီးမှ ဖြေရှင်းယူရမှာ။ ဒီကိစ္စလေးတွေကြောင့် ညီလာခံကိုတော့ မကြန့်ကြာစေချင်ဘူး၊ သဘောတူညီချက်ကို မကြန့်ကြာစေချင်ဘူး။ ဒါကို စောစောက လက်မှတ်မထိုးတဲ့ ခေါင်းဆောင်တွေကို ဘယ်လို ယုံကြည်မှုဖြစ်အောင် ပြောမလဲဆိုတာကတော့ လက်ရှိအစိုးရ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာတင်မျိုးဝင်းတို့ရဲ့ ကြီးမားတဲ့ စိန်ခေါ်ချက်လို့ ပြောရမှာပေါ့နော်။ ဒါပေမယ့် ကျနော်ထင်တယ်၊ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "နောက်တခုကတော့ မကြာခင်က ဖြစ်ရပ်ပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ ယူဒဗလျူအက်စ်အေပေါ့နော်။ ‘၀’ ဟာဆိုရင် အကြီးဆုံး လက်နက်ကိုင်အဖွဲ့တခုဖြစ်တယ်။ လွှတ်တော်ရေးရာကော်မတီ အန်အယ်လ်ဒီက ကျနော်တို့ တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေးကော်မတီက ဦးစိုးဌေးက သွားတွေ့ခဲ့တယ်။ သွားတွေ့တဲ့အခါမှာ အန်အယ်လ်ဒီက အရေးကြီးတဲ့တာဝန်တွေ တနှစ်ရပ်ဆိုင်းလိုက်တယ်။ အဲဒီအချိန်မှာ တိုင်းရင်းသားတွေက အန်အယ်လ်ဒီရဲ့ သဘောထား ဘာဖြစ်လာလဲပေါ့၊ တိုင်းရင်းသားတွေအပေါ်မှာ။ အဲဒါနဲ့ပတ်သက်ပြီးတော့ နောက်ဆက်တွဲ နောက်ထပ် ‘၀’ ကလည်း ကျနော်ထင်တယ်၊ ကြေညာချက်ပါတဲ့ ၅ ချက် တောင်းဆိုချက်တွေ ထုတ်လာတယ်ပေါ့နော်။ အဲတော့ လောလောဆယ်မှာ တိုင်းရင်းသားတွေဘက်က သူတို့စိုးရိမ်တာကတော့ အန်အယ်လ်ဒီဟာ တပ်မတော်နဲ့ နီးစပ်အောင် ကြိုးစားရင်းနဲ့ သူတို့နဲ့ဝေးလာလားဆိုတဲ့ စိုးရိမ်ချက်ရှိတယ်။ အဲဒီအပေါ်မှာကော ဆရာ ဘယ်လိုသုံးသပ်ချင်ပါသလဲ။ အထူးသဖြင့်တော့ ‘၀’ ပြည်ကတော့ ယူအန်အက်ဖ်စီထဲတော့ မပါဘူး။ အရေးကြီးတဲ့ အဖွဲ့တခုအနေနဲ့ ဦးစိုးဌေးတို့ကို မလုပ်ဖို့ တားလိုက်ပြီးနောက်ပိုင်း ဘာတွေဖြစ်လာနိုင်လဲ၊ အဲဒါလေး ဆရာ ဖြည့်စွက်ပြီး ဆွေးနွေပေးပါဦး။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) "အဲဒါလည်း စိတ်ဝင်စားစရာပေါ့ဗျာ။ စိတ်ဝင်စားစရာဆိုတာက ဒီ ဦးစိုးဌေးတို့ သွားတဲ့ကိစ္စက ဒီဘက်က ဘယ်သူကလွှတ်သလဲဆိုတဲ့ ပြဿနာပေါ့နော်။ ဒါ ကျနော်တို့တော့ မသိပါဘူး။ အဲတော့ ဘာပဲဖြစ်ဖြစ် ‘၀’ ကကျတော့ တော်တော် လိုလိုလားလား လက်ခံကြိုဆိုတယ်။ ‘၀’ ခေါင်းဆောင် ပေါက်ယူချန်းကလွဲလို့ ကျန်တဲ့ခေါင်းဆောင်သုံးယောက်၊ အဲတော့ အဲဒီသုံးယောက်က တကယ့်ထိပ်ဆုံးခေါင်းဆောင်တွေ။ သူတို့က တကယ်ကို လိုလိုလားလား၊ သူတို့ပြောတာ အချက်ကိုးချက်လောက်ရှိတယ်၊ ကျနော်သိသလောက်။ အဲတော့ အဲဒါတွေက အရမ်း  Result က ကောင်းတယ်ပေါ့ဗျာ၊ ဘယ်လိုပဲဖြစ်နေနေ။ ဒါကို ဒီဘက်ကနေ ပြန်ပြီးတော့ ဒီပုဂ္ဂိုလ်က အရေးယူခံရတယ်ဆိုတော့ ခုနပြောတဲ့ ထင်မြင်ချက်တွေ ဖြစ်လာတာပေါ့။ တကယ်တမ်း ဖြစ်သင့်တာကတော့ ကျနော်တို့ တလနှစ်လအတွင်း စမယ်ဆိုရင် အရေးကြီးတဲ့ အဖွဲ့တွေကို ကျနော်တို့က အလွတ်သဘောတွေကတော့ တွေ့ဆုံပြီး ညှိနှိုင်းတာတွေကတော့ လုပ်ရတော့မှာဗျ။ အန်အယ်လ်ဒီအစိုးရအနေနဲ့လည်း ဘာပဲဖြစ်ဖြစ် အခုမှတက်လာတဲ့အစိုးရ ဖြစ်တယ်။ ဒီယန္တရားတွေ တစုံလုံး သူ့မှာ မရှိတဲ့အောက်မှာ အကူအညီတွေ အများကြီး ယူရလိမ့်မယ်လို့ ထင်တယ်။ ဒီလို ပါဝင်လုပ်ဆောင်နိုင်မယ့်လူတွေ အများကြီးကို ဖိတ်ခေါ်ပြီးတော့ပေါ့လေ။ အဲဒါက အကျိုးမယုတ်ပါဘူး။ ဒါတွေက အချက်အလက်တွေ အများကြီးကို ကျနော်တို့က ရမှာဖြစ်တာကိုး။ ဒီလိုအချက်အလက်တွေပေါ်ကနေမှ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အမှန်ကန်ဆုံး စဉ်းစားပြီးတော့ ဆုံးဖြတ်နိုင်မှာ ဖြစ်တာပေါ့။ ကျနော်က အဲဒါကို တဘက်ကတော့ တုံ့ပြန်မှုတွေ ပေါ်လာသော်ငြားလည်း ဒီဖြစ်စဉ်အပေါ်ကနေ သင်ခန်းစာယူသင့်တဲ့ ဖြစ်စဉ်လို့ ကျနော်မြင်တယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024