A d v e r t i s e m e n t With Us

ထိုင်းတက္ကသိုလ် ဒေါက်တာဘွဲ့ရဆရာများ ခိုက်ရန်ဖြစ်၊ သေနတ်ပစ်ခံရ၍ ၂ ဦးသေ

သေဆုံးသူနှစ်ဦးနှင့်ပစ်ခတ်သူ (အပေါ်ပုံ)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပရန်နခွန်ရာဂျာဘတ် တက္ကသိုလ်တွင်းမှာ ဒီကနေ့ မနက်ပိုင်းက တက္ကသိုလ်ဆရာအချင်းချင်း ရန်ဖြစ်ရာကနေ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ၂ ဦး သေဆုံးသွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ တက္ကသိုလ်တွင်းက ဗုဒ္ဓဆိုင်ရာ ဒဿနိကဗေဒဌာန အဆောင် ၅ လွှာ၊ သင်ကြားရေးနဲ့ ယဉ်ကျေးမှုစင်တာမှာ ဖြစ်တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ အခင်းဖြစ်တဲ့နေရာကို အကြောင်းကြားလို့ ရဲတွေရောက်ရှိချိန်မှာတော့ သေဆုံးသူ ၂ ဦးလုံးဟာ အသက် ၅၀ အရွယ် သက်ဆိုင်ရာ ဘာသာရပ်တွေမှာ ဒေါက်တာဘွဲ့ရ ပီချိုင် ချိုင်ဆောင်ကရန်နဲ့ နသာပိုချန်ဝမ်ရာသရီတို့ကို အခန်းတွင်း သေဆုံးလျက်သား တွေ့ရှိခဲ့ကြတာပါ။ စစ်ဆေးမေးမြန်းချက်တွေအရ သူတို့ ၂ ဦး အပါအ၀င် ဒေါက်တာဘွဲ့ရဆရာ ၃ ဦးဟာ အခန်းတွင်းမှာ ပြဿနာတခုကို ဆွေးနွေးအဖြေရှာဖို့ တွေ့ဆုံခဲ့ကြတာလို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ဟာ ညှိနှိုင်းဆွေးနွေးရာမှာ သဘောတူညီမှု မရခဲ့ကြဘဲ ပဋိပက္ခ ဖြစ်ခဲ့ကြချိန်မှာ ကျန်တဲ့တယောက်က ပစ္စတိုသေနတ်ကိုထုတ်ပြီး သူတို့ကို ပစ်ခဲ့တာလို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူတို့ကို ပစ်ခဲ့တဲ့သူ အမည်က ၀မ်ချိုင်းဒနိုင်တာမိုနတ်ဖြစ်ပြီး အခင်းဖြစ်တဲ့နေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဘန်ကောက်ရဲတပ်ဖွဲ့က အခင်းဖြစ်တဲ့နေရာကို အပြင်လူဝင်ခွင့်မပေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up