A d v e r t i s e m e n t With Us

ရုရှား-အာဆီယံ နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးမည်

ရုရှား-အာဆီယံ ထိပ်သီးတွေ့ဆုံပွဲကနေ ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံရေးသစ် သယ်ဆောင်နိုင်မယ့် လမ်းညွှန်ချက်တွေ ဖော်ထုတ်နိုင်မယ်လို့ယူဆရကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ လက်ထောက် Ushakov က ပြောပါတယ်။ မေလ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ရုရှားနိုင်ငံ ဆိုချီဒေသ ပင်လယ်နက် ရီဆော့မှာ ကျင်းပမယ့် ဒီအစည်းအဝေးကို “ရုရှား-အာဆီယံ- အပြန်အလှန်အကျိုးတူ မဟာဗျူဟာမြောက်မိတ်ဖက်” ဆောင်ပုဒ်နဲ့အညီကျင်းပမှာဖြစ်တယ်လို့ ရုရှားသတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။ ဆိုချီထိပ်သီးအစည်းအဝေးကို တက်ဖို့ မြန်မာသမ္မတ ဦးထင်ကျော် ဒီမနက် ရုရှားနိုင်ငံကို ဒီမနက် ထွက်ခွာပါတယ်။ အာဆီယံဆယ်နိုင်ငံမှာ လူဦးရေ သန်း ၆၃၀ ရှိပြီး ကမ္ဘာမှာ တတိယအကြီးမားဆုံး နိုင်ငံပေါင်းစုထားတဲ့အဖွဲ့ဖြစ်ပါတယ်။ အာဆီယံရဲ့ ဂျီဒီပီဟာ ၂၀၁၄ ခုနှစ်မှာ ခန့်မှန်းခြေ ၂ ဒသမ ၅၇ ထရီလီယံရှိပြီး စီးပွားရေးတိုးတက်မှုနှုန်းဟာ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့ မစ္စတာပူတင်ရဲ့ လက်ထောက်က ပြောပါတယ်။ အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေဟာ များပြားလှပြီး သြစတေးလျှ၊ အိန္ဒိယ၊ ကနေဒါ၊ တရုတ်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ ရုရှားနိုင်ငံတို့ပါဝင်ပြီး အာဆီယံဟာ ဥရောပသမဂ္ဂနဲ့လည်း သီးခြားတွေ့ဆုံပွဲတွေ ရှိနေပါတယ်။ ရုရှား-အာဆီယံဒိုင်ယာလော့ကို ၁၉၉၁ ဇူလိုင်လမှာ တရားဝင်စတင်ကြေညာခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ အာဆီယံဝန်ကြီးများအစည်းအဝေးမှာ ရုရှားနိုင်ငံဟာ အာဆီယံရဲ့ တင်းပြည့်ဆွေးနွေးဖက် ဖြစ်လာပါတယ်။ Ushakov က “လာမယ့်ထိပ်သီးအစည်းအဝေးဟာ ဆွေးနွေးဖက်မိတ်ဖက်သက်တမ်း နှစ် ၂၀ အကြာမှာ တတိယအကြိမ်ဖြစ်ပါတယ်။. ၂၀၀၅ ခုနှစ်က ကွာလာလမ်ပူမှာတကြိမ်၊ ၂၀၁၀ က ဟနွိုင်းမှာတကြိမ် အဆင့်မြင့်ဆုံးအဆင့်ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ ဆိုချီထိပ်သီး ဆွေးနွေးပွဲဟာ ရုရှားမြေပေါ်မှာ ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး အာဆီယံနိုင်ငံအစိုးရတွေရဲ့ ခေါင်းဆောင်တွေ ရောက်ရှိမှုဖြစ်ပြီး ကျနော်တို့နိုင်ငံနဲ့ ထောင့်ပေါင်းစုံက ဆက်ဆံရေးအရေးပါမှု ကို သက်သေပြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။ မေ ၁၉ ရက်နေ့မှာ နိုင်ငံအကြီးအကဲတွေကို ရုရှားအာဏာပိုင်တွေက လက်ခံတွေ့ဆုံကြမှာဖြစ်ပြီး မေ ၂၀ မှာတော့ အာဆီယံ ဆယ်နိုင်ငံက ခေါင်းဆောင်တွေနဲ့ စီးပွားရေးဖိုရမ်က ကိုယ်စားလှယ်တွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။ အဲဒီနောက် ထိပ်သီးခေါင်းဆောင်တွေဟာ ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသတွင်းကိစ္စတွေကို အလေးထားဆွေးနွေးကြမှာဖြစ်ပါတယ်။ Ushakov က “ဒီအစည်းအဝေးကနေ ရုရှား-အာဆီယံ နယ်ပယ်ပေါင်းစုံပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ဖို့ စေ့ဆော်မှုတခုပေးနိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်”လို့ ပြောပါ တယ်။ ဆိုချီပူးတွဲကြေညာချက်မူကြမ်းထဲမှာ နိုင်ငံအကြီးအကဲတွေဟာ တန်းတူညီမျှမှု အပြန်အလှန် အကျိုးရှိမှု၊ တာဝန်ယူတာဝန်ခံမှုတွေပေါ်မှာ အခြေခံပြီး မိတ်ဖက်ဆွေးနွေးဖက် ဆက်ဆံရေး အားကောင်းအောင် ဆက်လက်လုပ်ဆောင်ကြဖို့သဘောတူညီကြတယ်လို့ သူက ပြောပါတယ်။ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့အတွက် အာရှပစိဖိတ်ဒေသမှာ တည်ငြိမ်မှု၊ လုံခြုံမှု၊ စီးပွားရေးကြီးထွားမှု၊ ရေရှည်တည်တံ့ဖွံ့ဖြိုးမှုနဲ့ လူမှုရေးတိုးတက်မှုတွေရဖို့ လိုအပ်တယ်လို့လည်း ပါရှိတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up