ထိုင်းအဆိုတော် မင်္ဂလာပါ မြန်မာသီချင်းခေါင်းစဉ်ဖြင့် အယ်လ်ဘမ်ထုတ် (ရုပ်သံ)
ထိုင်းရိုးရာ (လုတ်ထုန့်) တေးလောက နာမည်ကြီးအဆိုတော်တဦးဖြစ်သူ ပီတာ ဖော်ဒီဖိုင်း (Peter Foodify - Peter Topline) ဟာ မင်္ဂလာပါဆိုတဲ့ မြန်မာသီချင်းခေါင်းစဉ်နဲ့ ထိုင်းသီချင်းအယ်လ်ဘန်တခု ၂၀၁၅ ခုနှစ်က ဖြန့်ချိခဲ့ပါတယ်။
အဆိုပါ သီချင်းကို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ဘန်ကောက် ထိုင်းတပ်မတော် အမှတ် ၁ ကြည်းတပ်ဌာနချုပ် ဂီတပွဲတော်မှာ ကချင်အမျိုးသမီးဝတ်စုံ ကခြေသည်တွေနဲ့အတူ ဖျော်ဖြေခဲ့ရာမှာ လူကြိုက်များခဲ့ပါတယ်။
မင်္ဂလာပါတေးသီချင်းကို သီဆိုရာမှာတော့ ထိုင်းနဲ့ မြန်မာလို နှစ်မျိုးလုံး ထည့်သွင်းသီဆိုထားတာ သီချင်း ရုပ်သံဖိုင်ထဲ တွေ့ရမှာ ဖြစ်ပါတယ်။
“မင်္ဂလာပါ… ခင်ဗျား မင်္ဂလာပါ...။ ကျနော့်မှာ မြန်မာသူငယ်ချင်းတယောက်ရှိတယ်။ သူက ထိုင်းမှာ အလုပ်လာလုပ်တယ်။ သူဟာ အလုပ်လည်း ကြိုးစားတယ်။ ထိုင်းမှာ သူပျော်နေတယ်။ မြန်မာပြည် မန္တလေးမှာ သုံးဘီးကား သူနင်းခဲ့တယ်။ သူက မြန်မာလိုသင်ပေးတယ်။ ကျနော်ချစ်တယ်ဆိုတာ၊ မန္တလေးသူကို ကျနော်ချစ်တယ်။ မြန်မာမလေးက အသားညိုညို မျက်လုံးဝိုင်းဝိုင်း၊ ဆံပင်ရှည်ရှည် သနပ်ခါးလည်းလိမ်းတယ်။”