စစ်ကိုင်းအလုပ်သမားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ ပိတ်ဆို့တားဆီး (ရုပ်သံ)
DVB
·
May 18, 2016
အလုပ်သမားအခွင့်အရေး ရရှိဖို့ နေပြည်တော်အထိ လှမ်းလျှောက်တဲ့ စစ်ကိုင်းအလုပ်သမား သပိတ်စစ်ကြောင်းဟာ ဒီနေ့ မနက် ၁၀ နာရီလောက်က နေပြည်တော်အ၀င် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပိတ်ဆို့တားဆီးခံနေရပါတယ်။
စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်မှာရှိတဲ့ အိန္ဒိယလူမျိုးပိုင် (MVPPL) သစ်အချောထည်စက်ရုံကနေ အလုပ်ထုတ်ခံရလို့ မကျေနပ်တဲ့ အလုပ်သမားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးကနေ နေပြည်တော်ထိ လမ်းလျေက်ချီတက်ကြရာ နေပြည်တော်ကောင်စီနယ်မြေအစ တပ်ကုန်းမြို့ အဝင် ညောင်လွန့်ကျေးရွာ မိုင်တိုင် ၂၈၄ မိုင် ၄ ဖာလုံမှာ ရဲတပ်ဖွဲ့ဝင်တွေအပါအင် ခရိုင် အထွေထွေအုပ်ချုပ်ရေးဌာန၊ အုပ်ချုပ်ရေးဋ္ဌာနတွေအပြင် အလုပ်သမားဋ္ဌာနတို့နဲ့ တွေ့ဆုံ နေကြပါတယ်။
မေလ ၁၆ ရက်နေ့မှာ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၂၉၂ မိုင် ၆ ဖာလုံမှာ ညအိပ်ပြီး ဒီနေ့ မနက်မှာ နေပြည်တော်ကို ဆက်လက်ချီတက်နေတာပါ။
စက်ရုံကနေ အလုပ်ထုတ်ခံရတဲ့ ၁၆၁ ဦးက ဆန္ဒထုတ်ဖော်မှုကို အဲ့ဒီစက်ရုံရှေ့မှာ ထိုင်သပိတ်ပြုလုပ်ကာ တောင်းဆိုနေရာကနေ နှစ်လကျော်ကြာမြင့်တဲ့အထိ ဖြေရှင်း မပေးတာကြောင့် ဧပြီ ၂၉ ရက်နေ့ ကစပြီး ချီတက်လာပါ။
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက တာဝန်ရှိသူတွေက တွေ့ဆုံညှိနှိုင်းပြီးပေမယ့် အဆင်မပြေခဲ့ပါဘူး။ MVPPL သစ်အချောထည် စက်ရုံမှာ အလုပ်သမားဦးရေ ၃၀၆ ဦးရှိကာ အိန္ဒိယလူမျိုး နိုင်ငံခြားသားဦးရေ ၃၂ ဦးရှိပါတယ်။
ရုပ်သံ - ၀င်းကိုကိုထွန်း၊ ကိုဇေယျာ