မြန်မာအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှု အမေရိကန် လျော့ချ
DVB
·
May 18, 2016
မြန်မာအစိုးရပိုင် လုပ်ငန်းတချို့အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို အမေရိကန်ပြည်ထောင်စုက လျော့ချပေးလိုက်ပါတယ်။
ဒါပေမယ့် စီးပွားရေးကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တဦးချင်းစီအပေါ်ကို ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုတော့ ထပ်မံ သက်တမ်းတိုးလိုက်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက နိုင်ငံခြား ပိုင်ဆိုင်မှုရုံးက မေ ၁၇ ရက်က ကြေညာပါတယ်။
ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရသစ် တာဝန်ယူအပြီး အစိုးရပိုင်လုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းကနေ လျော့ချပေးလိုက်တာ ဖြစ်ပါတယ်။
အစိုးရပိုင် ဘဏ်၊ သစ်နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တားမြစ်ထားတာကို ပယ်ဖျက်ပေးလိုက်တာဖြစ်ပါတယ်။
ပယ်ဖျက်ပေးလိုက်တဲ့ အစိုးရပိုင်လုပ်ငန်းတွေကတော့ မြန်မာ့ သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ မြန်မာ့ ပုလဲ လုပ်ငန်း၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ အမှတ် (၁) (၂) (၃) သတ္တုထုတ်လုပ်ရေး၊ သမ၀ါယမ သွင်းကုန်ထုတ်ကုန် လုပ်ငန်းတွေ ဖြစ်ပါတယ်။
အစိုးရပိုင်ဘဏ်တွေကတော့ မြန်မာ စီးပွားရေးဘဏ်၊ မြန်မာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဘဏ်၊ မြန်မာ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဘဏ်တို့ ဖြစ်ပါတယ်။
မြန်မာနဲ့ ကုန်စည်စီးဆင်းမှု တိုးတက်လာစေရေး တိုးတက်လာစေဖို့အတွက် လုပ်ဆောင်ရတာ ဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်။
မြန်မာရဲ့ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော်ကတော့ တားမြစ်ထားတဲ့စာရင်းမှာ ရှိနေဆဲ ဖြစ်ပြီး အမေရိကန် ကုမ္ပဏီတွေကတော့ သူတို့နဲ့ စီးပွားရေးလုပ်ပိုင်ခွင့်ရှိဦးမှာ မဟုတ်ပါဘူး။
လောစစ်ဟန်ရဲ့သား စတီဗင်လောရဲ့ အေးရှားဝေါလ်ကုမ္ပဏီတွေကို တားမြစ်ထားဆဲ ဖြစ်ပါတယ်။ အေးရှားဝေါလ်က ၅၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၆ ခုကိုလည်း ပိတ်ပင်ထားပါတယ်။
မေ ၂၀ ရက်မှာ မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ပိတ်ဆို့အရေးယူမှုကြောင့် အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်တယ်လို့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေက ဖိအားပေးခဲ့ပါတယ်။
၂၀၁၁ ခုနှစ်ကစတင်ပြီး မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်က လျော့ချပေးခဲ့တာ ဖြစ်ပါတယ်။