ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်မှု ရပ်တန့်ရန် သမ္မတထံ တောင်းဆို
ရွှေအောင်
·
September 1, 2011
ဧရာဝတီမြစ် တိမ်ကောပပျောက်သွားစေမယ့် ဧရာဝတီမြစ်ဆုံစီမံကိန်း တည်ဆောက်နေမှု ရပ်တန့်ပေးဖို့ ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများအဖွဲ့က သမ္မတဦးသိန်းစိန်ထံ ဒီကနေ့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။
လက်မှတ်ရေးထိုးကြသူတွေထဲမှာ စာပေအနုပညာရှင်တွေ၊ ပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေ၊ လူမှုရေး၊ နိုင်ငံရေး စတဲ့နယ်ပယ်အသီးသီးက ထင်ရှားသူတွေပါဝင်ကြပြီး လက်မှတ်စုစုပေါင်း ၁၆၀၀ ကို ပထမဆုံးအကြိမ် ပေးပို့ လိုက်တာ ဖြစ်ပါတယ်။
သမ္မတထံက လက်မှတ်ရေးထိုး ပေးပို့တောင်းဆိုရတာနဲ့ ပတ်သက်လို့ ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ အဖွဲ့မှာပါတဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုမြတ်သူက ခုလို ပြောပါတယ်။
“သမ္မတကြီးရဲ့ မိန့်ခွန်းအပေါ်မှာ သမ္မတကြီးက ပြည်သူလူထုရဲ့ အသံကို နားထောင်မယ်လို့ ပါတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ပြည်သူလူထုရဲ့ အသံကို သမ္မကြီး သိရှိနိုင်အောင်လို့ ကျနော်တို့ဘက်က ကြိုးစားလုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ သမ္မကြီးရဲ့ မိန့်ခွန်းအတိုင်း ဆိုရင်တော့ ဒီအပေါ်မှာ အရေးတယူ ရှိလာလိမ့်မယ်လို့တော့ ကျနော်တို့ မျှော်လင့်ထားပါတယ် ခင်ဗျ။”
အခု ပထမဆုံး ပေးပို့တဲ့ လက်မှတ်ရေးထိုး ကြသူတွေထဲမှာ ဟံသာဝတီ ဦးဝင်းတင်၊ လူထုစိန်ဝင်း၊ မောင်ဝံသ၊ ဒေါ်ဒေဝီသန့်ဇင်၊ ကိုကျော်သူ၊ ဒါရိုက်တာ ချိုတူးဇော်စတဲ့သူတွေ ပါဝင်ပါတယ်။
ဧရာဝတီကိုချစ်သော ပြည်တွင်းပြည်ပက ပြည်သူတွေရဲ့ လက်မှတ်တွေကို ဆက်လက်စုဆောင်းပေးပို့သွားမယ်လို့လည်း သိရပါတယ်။