Home
မြန်မာသတင်း
အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခကြား ကျောက်မဲရွာသားများ ဖမ်းဆီးရိုက်နှက်ခံရ
နန်းမြနဒီ
·
May 17, 2016
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်တွင်း လတ်တလော အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ရွာသားတွေ ဖမ်းဆီး ရိုက်နှက်ခံရတယ်လို့ ဒေသခံလွှတ်တော်အမတ်က ပြောပါတယ်။ မေလ ၁၆ ရက်နေ့ ညနေပိုင်းက အစိုးရတပ်မတော်ယာဉ်တန်းအနီး ရောက်ရှိသွားတဲ့ ရွာသူကြီး တယောက်နဲ့ ရွာသားတယောက် အဖမ်းခံခဲ့ရသလို ပြီးခဲ့တဲ့လ တိုက်ပွဲမှာတော့ ရွာသား ၂ ဦး ဖမ်းဆီးရိုက်နှက်ခံခဲ့ရတယ်လို့ အရိုက်ခံရသူတွေကို ပန်လော့ရွာမှာ သွားရောက်တွေ့ဆုံခဲ့တဲ့ ကျောက်မဲမြို့နယ် ရှမ်းအမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းထွန်းဝင်း က ဒီဗွီဘီကို ပြောပါတယ်။ “ပန်တိုင်ရွာသူကြီး နဲ့ နောင်ပိန်ဂုတ်ထိပ်ရွာသား တစ်ယောက်ကို တပ်မတော်ယာဉ်တန်းက မနေ့ ညနေ ၄ နာရီကျော်က ဖမ်းခေါ်သွားတယ်လို့ သူတို့ရွာသားတွေက ဖုန်းဆက်အကြောင်းကြား တဲ့အတွက် ကျနော်လည်း စရဖဆီဖုန်းဆက် အကြောင်းကြားပေးခဲ့တယ်။ သူတို့ဟာ ရွာသားေ တွဖြစ်တဲ့အကြောင်း ထောက်ခံပေးခဲ့လို့ မနေ့ည သန်းခေါင်ကျော်မှာ ပြန်လွှတ်ပေးလိုက်ပြီ လို့ပြောတယ်။ နောက်ထပ် ၂ ယောက်ကတော့ အက်ကြီးရွာ အရင်လ ၂၄ ရက်နေ့က သူတို့ရွာနားမှာ တိုက်ပွဲဖြစ်တော့ လုန်းနန္တိယဆိုတဲ့လူ။ တိုက်ပွဲနဲ့နီးတဲ့နေရာ ရောက်သွားလို့ သူ့ကို ရှမ်းစစ်သားခေါင်းဆောာင် ဆိုပြီး တပ်မတော်က ခေါ်သွားတာ၊ သူ့ကို ကျဉ်စက်နဲ့ တို့မီးစစ်ဆေး တယ်။ ၃ ရက်နဲ့ ၂ ည အစာမကျွေးဘူး။ ဒီကနေ့မနက်မှ ပြန်လွှတ်လာတယ်။ နောက်တေ ယာက်က လုန်းပီးလို့ ခေါ်တယ်။ သူက ပိန်းနိမ်ရွာသား၊ ပန်လော့ရွာကို စစ်ဘေးရှောင်လာတာ၊ မနေ့ညနေက ရွာပြင် ထွက်သွားတော့ စစ်ကြောင်းနဲ့ ပက်ပင်းတိုးပြီး အဖမ်းခံရတယ်။ ရှမ်းစစ်သားလို့ယိုးစွပ်ပြီး သူ့ကတော့ ပါးနဲ့ နားထင် အရိုက်ခံရတယ်။ နောက်ကျောကို တုတ်နဲ့ အရိုက်ခံရတယ်လို့ ပြောတယ်။ သူတို့ ၂ ယောက်လုံးကို ဒီမနက်ဘဲ သွားတွေ့ခဲ့ပါတယ်။” သူတို့ဒဏ်ရာတွေဟာ စိုးရိမ်ရတဲ့အခြေအနေ မဟုတ်တဲ့အတွက် အိမ်မှာဘဲ ဆေးမြီးတိုတွေနဲ့ ကုကြတယ်လို့ ဆိုပါတယ်။ အရိုက်ခံရသူတွေ လာရောက်ခိုလှုံနေတဲ့ ပန်လော့ရွာဟာ ကျောက်မဲမြို့တောင်ဘက် ၈ မိုင်လောက်အကွာမှာ တည်ရှိပါတယ်။ မေလ ၁၃ ရက်နေ့က ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်ကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် အဆိုပါကျေးရွာအုပ်စုတွင်းရှိ ရွာငါးရွာက ရွာသားပေါင်း ၂၀၀ ကျော် စစ်ဘေးလွတ်ရာကို လာရောက်ခိုလှုံနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကိုယ်တိုင်သွား ရောက်ခဲ့တဲ့ ဦးစိုင်းထွန်းဝင်းက ပြောပါတယ်။ “အဲဒီရွာမှာ စစ်ဘေးရှောင်တွေရှိတယ်ဆိုတာ ကျနော်တို့ရောက်သွားမှ သိရတယ်ဗျ။ ကလေးတွေရေ၊ လူကြီးတွေ၊ လူအိုတွေ၊ ကလေးတွေက ပိုများတယ်။ ၁၃ ရက်နေ့ကတည်းက အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြတာ၊ ၄ -၅ ရက်ရှိပြီ အ၀တ်လည်း မလဲရသေးဘူး။ လဲစရာလည်းမရှိဘူး။ စားစရာက ပန်လော့ရွာသားတွေ ကျွေးထားကြတယ်။ သူတို့လည်း ကြာကြာမကျွေးနိုင်ဘူး။ မနက်ဖြန် သဘက်ခါဆို ကျွေးစရာမရှိတော့ဘူးတဲ့၊ အရေးပေါ် လိုအပ် နေပါတယ်ခင်ဗျ။ ကျနော်တို့လည်း နီးစပ်ရာအကူအညီ တောင်းထားတယ်။” မနေ့က ကျောက်မဲမြို့နယ်တွင်း တိုက်ပွဲကြောင့် မတ်မန့်ရွာသား ၅၀ ကျော် ခိုအုန်ကျေးရွာ ကျောင်းတိုက်ကို တိမ်းရှောင်လာပေမယ့် ဒီမနက်မှာတော့ တိုက်ပွဲသံငြိမ်လို့ ပြန်ကုန်ပြီလို့ ဆိုပါ တယ်။ ကျောက်မဲမြို့နယ်ထဲမှာ သင်္ကြန်နောက်ပိုင်း အစိုးရတပ်နဲ့ တီအန်အယ်လ်အေ တအာင်းတပ် ကြား၊ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ကြားမှာရော ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ တအာင်းတပ်ကြားမှာ တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်ပွားနေပြီး ရွာသား ၁၀၀၀ ကျော် ကျောက်မဲမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်ခိုလှုံနေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024