Home
မြန်မာသတင်း
မန်စီမြို့နယ်အတွင်း တိုက်ပွဲဖြစ် အစိုးရတပ်က ရဟတ်ယာဉ်သုံးတိုက်ခိုက်
DVB
·
May 17, 2016
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းမှာ အခုရက်ပိုင်းက တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး ဒီကနေ့မှာတော့ အစိုးရတပ်ဖက် ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်နေတယ်လို့ မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာနေ ဦးတမော်နော်မန်က ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော်  ကေအိုင်အေ တပ်မဟာ ၃ တပ်ရင်း ၂၇ အခြေစိုက်တဲ့ဒေသတွေဖြစ်တယ်လို့ ဦးတမော်နော်မန်က ပြောပါတယ်။ “ဒီနေ့က လေယာဉ်နဲ့ ၂ ခေါက် လာပစ်သွားပါတယ်။ ဂျယ်စောင်းနဲ့ ဘွန်ချောင်ကြားမှာ အခုန ကပဲ တနာရီလောက်ပဲရှိဦးမယ်ထင်တယ်။ လေယာဉ် ၃ စီးနဲ့ လာပစ်သွားပါတယ်။ ဒီမနက်ပိုင်း ကလည်း ခါရှန်နဲ့ ဦးလာပန်နားမှာ လာပစ်တယ်။ အခုနကဂျယ်စောင်းနဲ့ ဘွန်ချောင်ကြားက ဖြစ်တဲ့ဟာ ကျနော်တို့ မိုင်းခေါင်ကနေ မြင်ရပါတယ်။ လက်နက်အသံလည်းကြားရတယ်။ မီးခိုးတွေထွက်နေတာကိုလည်းတွေ့ရပါတယ်။ အဲဒီမှာ ကားမောင်းတဲ့ တရုတ်တယောက်တော့ ဒဏ်ရာ နည်းနည်းတော့ထိသွားတယ်လို့ပြောတယ်။” မန်စီမြို့နယ်မှာနေထိုင်တဲ့ ဦးရန်မျိုးအောင်ကလည်း ဒီကနေ့ နေ့ခင် ၂ နာရီကျော်က မန်စီမြို့ပေါ် လေယာဉ်ဖြတ်သွားကြောင်းလည်း ပြောပါတယ်။ “၂ နာရီပတ်ဝန်းကျင်က လေယာဉ်က  ကျနော်တို့ဒီမြို့ကို ဖြတ်သွားတာပေါ့လေ။ အဲဒါက မိုင်းခေါင်ကျေးရွာရဲ့ အရှေ့တောင်ဖက်လောက် ဗုံးကျဲသွားတယ်လို့တော့ အဲလိုမျိုးတော့ သတင်းပို့လာတယ်။” အလားတူ မန်စီမြို့နယ် ဘွမ်လန်နှင့် အူလန်ပါ ကျေးရွာကြားမှာလည်း မေလ ၁၅ ရက်ကတည်းကစပြီး တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီး အခုချိန်ထိလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024