Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု အယူခံဝင်ရန် အဆင်သင့်ဖြစ်
နန်းမြနဒီ
·
May 17, 2016
ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်း (ခိုတောင်ကျွန်း)မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အယူခံဝင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ဒီအမှုမှာလိုက်ပါဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ စာမျက်နှာ ၃၀၀ ကျော်ရှိမူရင်းအမှုတွဲကို အချိန်ယူ လေ့လာသုံးသပ်ပြီးတဲ့နောက် အယူခံလွှာ ရေးသားပြီးစီးသွားပြီဖြစ်တဲ့အတွက် လာမယ့်မေလ ၂၃ ရက်နေ့ ကော်ဆမွီ ခရိုင်တရားရုံးမှာ အယူခံဝင်မှာဖြစ်ပါတယ်။ မြန်မာလူငယ် ၂ ဦးလွတ်မြောက်ရေး လိုက်ပါဆောင်ရွက်ပေးနေသူ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ဥက္ကဋ္ဌ ဦးစိန်ဌေးက “အယူခံလွှာကို ထိုင်းရှေ့နေများကောင်စီအဖွဲ့ကနေ ၅ လ လောက်အချိန်ယူပြီးတော့ ရေးသားခဲ့ရတယ်။ အခု အားလုံး အချောသပ်ပြီးစီးသွားပါပြီ။ စာမျက်နှာ ၂၀၀ လောက်ရှိပါတယ်။ အဲဒီမှာ မှုခင်းဆေးသိပ္ပံ ပညာရပ်ပိုင်းဆိုင်ရာမှာ နိုင်ငံခြားက ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်တွေ သုံးသပ်ချက်တွေ ရယူခဲ့ရတယ်။ ဘာသာပြန်ကိစ္စမှာလည်း တော်တော် ခက်ခဲတယ်။ မြန်မာအစိုးရက စေလွှတ်တဲ့ ပညာရှင် ၃ ဦးရဲ့ သုံးသပ်ချက်တွေလည်း ပါပါတယ်။ အခု အဲဒီအယူ ခံလွှာပြီးသွားပြီဆိုတော့ လာမယ့်အပတ် တနင်္လာ(မေလ ၂၃ ရက်)နေ့မှာ အယူခံလျှောက်ထားမယ်။ ထိုင်းရှေ့နေ ကောင်စီ အမှုလိုက်အဖွဲ့နဲ့အတူ ၀င်းနဲ့ ဇော်တို့ရဲ့ မိခင်တွေလည်း လိုက်ပါကြမယ်။” လူသတ်မှုမှာ သက်သေမခိုင်လုံဘဲ သေဒဏ်အပစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၀င်းဇော်ထွန်း နဲ့ ဇော်လင်းတို့ ၂ ဦး လွှတ်မြောက်ရေးအတွက် ဒီအယူခံလွှာဟာ အလွန်အရေးကြီးကြောင်း ၊ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများကောင်စီဘက်ကလည်း တော်တော်အားစိုက်ပြီး ရေးသားထား တဲ့အတွက် တရားလွှတ်တော်ဆီ ဆက်လက်တင်ပြရာမှာ အားကောင်းစေပြီး အောင်မြင်မယ်လို့ ယုံကြည်ကြောင်း သူကဆက်ပြောပါတယ်။ မြန်မာနိုင်ငံ အစိုးရအနေနဲ့ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးကိစ္စကို ၀င်ရောက်စွက်ဖက်လို့ မရပေ မယ့် မိမိနိုင်ငံသား ၂ ဦးလွှတ်မြောက်ရေးအတွက် လက်တွေ့ကျတဲ့ ၀ိုင်းရံကူညီမှုကို မျှော်လင့် ကြောင်း ကိုစိန်ဌေးက ပြောသွားပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း(လိပ်ကျွန်း)မှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး အဲဒီကျွန်းပေါ်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာလူငယ် ၂ ဦးကို ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ဒီဇင်ဘာလ ၂၄ ရက်နေ့ မှာ သေဒဏ်စီရင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024