Home
မြန်မာသတင်း
ဧ၀ရတ်တောင်ထိပ်တွင် မြန်မာနိုင်ငံတော်အလံ စိုက်ထူနိုင်ရေး ကြိုးပမ်း
DVB
·
May 17, 2016
ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်ပေါ်မှာ မြန်မာနိုင်ငံတော်အလံကို စိုက်ထူနိုင်ဖို့ မြန်မာတောင်တက်သမား လူငယ် ၂ ဦးက ကြိုးပမ်းနေကြတယ်လို့ ထူးဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ မေလ ၁၆ ရက်နေ့က ဖော်ပြပါတယ်။ တောင်တက်သမား ၂ ဦးဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ ၂ ဦးဟာ  လက်ရှိမှာတော့ အမြင့် ၆၄၀၀ မီတာရှိ Camp-2 ကို ရောက်ရှိနေပြီး တောင်ထိပ်ပေါ်ကို ဆက်လက်တက်ရောက်နိုင်ဖို့ ကြိုးစားနေကြတာပါ။ သူတို့အဖွဲ့မှာ မူလက ၃ ဦးပါဝင်ပြီး အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုညီညီအောင်က ကျန်းမာရေး အခြေအနေကြောင့် ဆက်လက်မလိုက်ပါနိုင်တော့ဘဲ တောင်အောက်ခြေစခန်းမှာ ကျန်နေခဲ့ရတာပါ။ ဧ၀ရတ်တောင်တက်ခရီးစဉ်မှာ အန္တရာယ်ကြီးမားတဲ့ ရေခဲပြိုကျမှုတွေကြောင့် ပြီးခဲ့တဲ့ တောင်တက်ရာသီ ခရီးစဉ်ကို ၂ နှစ်ဆက်တိုက် ရပ်နားထားခဲ့ရတာပါ။ အခုနှစ်မှာတော့ မြန်မာတောင်တက်သမား ၂ ဦးအနေနဲ့ တောင်ထိပ်ပေါ်မှာ မြန်မာနိုင်ငံတော်အလံကို စိုက်ထူနိုင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ မေလ ၁၇ ရက်နေ့ မနက် ၆ နာရီမှာ အမြင့် ၇၁၆၂ မီတာရှိတဲ့ Camp-3 ကို ဆက်ပြီး တက်ရောက်ကြမှာပါ။ ဧ၀ရတ်တောင်တက်ခရီးစဉ်မှာ တောင်တက်သမားတွေအနေနဲ့ အောက်ခြေစခန်းကနေ အဆင့် ၄ ဆင့်ထိ တက်ရောက်ရတာဖြစ်ပြီး Camp-4 ကို ဖြတ်သန်းပြီးချိန်မှာတော့ တောင်ထိပ်ကိုအရောက် ဆက်တက်ကြရတာပါ။ Camp-4 ကတော့ အမြင့်မီတာ ၈၀၀၀ ရှိပြီး မြန်မာတောင်တက်သမားတွေဟာ တောင်ထိပ်ရှိ အပူချိန်၊ လေတိုက်နှုန်း စတဲ့ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး မေလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ တောင်ထိပ်ပေါ်အရောက် တက်ရောက်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024