Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်တွင် တပ်မတော်ယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရ
နန်းမြနဒီ
·
May 16, 2016
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ မေလ ၁၆ ရက် မွန်းလွဲ ၂ နာရီလောက်က တပ်မတော်ယာဉ်တန်းတခု ခြုံခိုတိုက်ခိုက်ခံခဲ့ရပါတယ်။ ကျောက်မဲကနေ မန္တလေးဘက်ကို ဦးတည်ဆင်းလာတဲ့ တပ်မ ၉၉ လက်အောက်ခံ ကား ၈ စီး ပါတဲ့ တပ်မတော်ယာဉ်တန်းတခု ခြုံခိုတိုက်ခိုက်ခံရတာလို့ အခင်းဖြစ်ပွားရာဒေသတွင်း ရောက်ရှိ နေသူ ကျောက်မဲမြို့နယ် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါ တယ်။ သူက “ဒီကနေ့ ကျနော်တို့ နောင်ပိန်ရွာဘက်မှ စစ်ဘေးရှောင်ဒုက္ခသည်တွေ သွားကြည့်ရင်း သိခဲ့ရ တယ်။ ကျနော်တို့ အဲဒီရွာမှာရှိနေတုန်း တပ်မတော်ယာဉ်တန်း ၈ စီးဖြတ်လာတယ်။ အဲဒီ ယာဉ်တန်းက ပြီးခဲ့တဲ့ မိနစ် ၂၀ လောက်က ခြုံခိုတိုက်ခံရတယ်လို့ ရွာသားတွေက ပြောပါတယ်။ ဖြစ်တဲ့နေရာက ပြည်ထောင်စုလမ်းမကြီး ပန်တိုင်ကျေးရွာအုပ်စု ရင်ကွဲတောင် အကွေ့နားမှာ ပစ်ခတ်သံတွေ မိနစ် ၂၀ လောက် ကြာတယ်။ ထိခိုက်ဆုံးရှုံးတွေတော့ မသိရပါဘူး။” လို့ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာအနီး ကားလမ်းအတွင်းပိုင်းမှာ ကုန်းကော် ခေါ် မက်မန်းကုန်းရွာ တရွာ ရှိပြီး အဲဒီဘက်မှာလည်း တပ်မတော်က နယ်မြေလိုက်လံရှင်းလင်းနေတဲ့အတွက် ရွာသားတွေက ကားလမ်းဘေးမှာရှိတဲ့ မိုက်အိုက်ခန့်ဆိုတဲ့ရွာဘက်ကို ထွက်ပြေးလာကြောင်း၊ ဦးရေ ဘယ်လောက်လဲဆိုတာတော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။ စစ်တပ်ကို ခြုံခိုတိုက်တဲ့ လက်နက်ကိုင်အဖွဲ့အမည်ကို မသိရပေမယ့် အဲဒီဒေသမှာ တအာင်းတပ် (တီအန်အယ်လ်အေ)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်းအဖွဲ့တွေပါ လှုပ်ရှားနေ တယ်လို့ ဦးတင်မောင်သိန်းက ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဘယ်လက်နက်ကိုင်အဖွဲ့ကမှ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ လွန်ခဲ့တဲ့သီတင်းပတ်ကလည်း ကျောက်မဲမြို့နယ်အတွင်းမှာ တအာင်းပလောင်တပ်နဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်ပွားပြီး ရွာအတွင်း လက်နက်ကြီးကျည်သင့်ခဲ့လို့ အိမ်သုံးလုံး မီးလောင်ပျက်စီး ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024