Home
မြန်မာသတင်း
အစိုးရသစ်နှင့် ဆွေးနွေးရန် တိုင်းရင်းသားတွေဘက်က အဆင်သင့်ရှိနေကြပြီ
နော်နိုရင်း
·
May 16, 2016
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ပတ်သက်ပြီး အစိုးရဘက်က ဆက်သွယ်လာပါက ဆွေးနွေးဖို့ အဆင့်သင့်ပြင်ဆင်ထားကြပြီးဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောဆိုပါတယ်။ ဒီကနေ့မနက်က နိုင်ငံတော်သမ္မတအိမ်တော်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖွဲ့စည်းရေးနဲ့ နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံ အကြို ပြင်ဆင်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တရပ်ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံ ညီလာခံ အကြို ပြင်ဆင်ခြင်း လုပ်ငန်းစဉ်တွေ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ ပါတယ်။ နှစ်ဆယ့်တစ်ရာစုပင်လုံ ညီလာခံကျင်းပနိုင်ရေး အကြိုပြင်ဆင်ရေး ကော်မတီတစ်ရပ်နဲ့ ဆပ်ကော်မတီ ၂ ရပ်ကို ဒီသီတင်းပတ်တွင်းဖွဲ့စည်းပြီး အပစ်ရပ်အဖွဲ့တွေ၊ အပစ်မရပ်သေးတဲ့အဖွဲ့တွေနဲ့ တချိန်တည်းမှာ ဆွေးနွေးညှိနှိုင်းကြဖို့လည်း ညွှန်ကြားပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး အပစ်မရပ်သေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဒုဥက္ကဋ္ဌနိုင်ဟံသာက အစိုးရဖက် ဒီလို ဆပ်ကော်မတီတရပ်ဖွဲ့စည်းတာကို ကြိုဆိုကြောင်းနဲ့ သူတို့အနေနဲ့ အစိုးရနဲ့ဆွေးနွေးဖို့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ “ဒါကတော့ သူတို့ ဖွဲ့စည်းတော့လည်း ကောင်းတာပေါ့။ ဒါပေမယ့် ဘယ်လောက်အလုပ်ဖြစ်မလဲ။ သူတို့ဖွဲ့စည်းတဲ့အခါကျရင် ဒီအပစ်မရပ်သေးတဲ့အဖွဲ့အပေါ်မှာရော သူတို့ ဘယ်လိုသဘောထား မလဲ။ သူတို့သဘောထားအပေါ်မှာ မူတည်ပါတယ်။ ဒို့ဘက်ကတော့ ဒါကိုကြိုဆိုပါတယ်။ ဖြစ်အောင်လုပ်နိုင်ရင်ပေါ့နော်။ ဒို့က အဖွဲ့တဖွဲ့ ဖွဲ့ထားပြီးသားပါ။ DPN (နိုင်ငံရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးရေးကော်မတီ)ဆိုတဲ့အဖွဲ့ကိုလေ။ ဒို့လည်းပြင်ဆင်ထားပါတယ်။ စကားပြောဖို့။ အခွင့်အရေး လမ်းပွင့်လာတာနဲ့ ဒို့ဖက်ကတော့ အဆင်သင့်ပဲလေ။” ဒါ့အပြင် အရင်ဦးသိန်းစိန်အစိုးရလက်ထက်က တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ် ထိုးထားတဲ့ အဖွဲ့ကလည်း သူတို့အနေနဲ့ အစိုးရဖက်က ဆွေးနွေးလာရင် အဆင့်သင့်ပဲလို့ အန်စီအေလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ “ဒီလက်ရှိအစိုးရက ဘယ်လိုပဲဖွဲ့ဖွဲ့ ချက်ချင်းတုံ့ပြန်နိုင်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့တော့ အဆင်သင့် လုပ်ထားတယ်လို့တော့ ကျနော်တို့ ကြေညာထားတာကို။ ဆိုတော့ ကျနော်တို့နဲ့ ဆက်စပ်ပြီး ဖွဲ့တယ်ဆိုလည်း အဲဒီအဖွဲ့နဲ့ဆက်သွယ်မှုကိုပဲ စောင့်ရမှာပေါ့။ အစိုးရဖက်က အဆင်သင့် ဖြစ်တာနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှာပဲ။” ဒေါ်အောင်ဆန်းစုကြည်ကတော့ အချိန်ကန့်သတ်ချက်ကြောင့် ဒီဆပ်ကော်မတီနှစ်ရပ် အနေဖြင့် တချိန်တည်းတပြိုင်တည်း သီးခြားစီညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားဖို့နဲ့ အဆိုပါ ကော်မတီနဲ့ ဆပ်ကော်မတီတွေကို ယခုသီတင်းပတ်အတွင်း ဖွဲ့စည်းပြီး မိမိတို့၏လုပ်ငန်းတာဝန်များကို အရှိန်မြှင့်တင် လုပ်ကိုင်ဆောင်ရွက်ကြဖို့လည်း ပြောကြားသွားပါတယ်။ ဒါ့အပြင် မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC)ကို အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC)အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနအောက်မှာ အစိုးရအဖွဲ့အစည်းတရပ် အနေနဲ့ ထားရှိသွားမယ်လို့ လည်းပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024