ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲနဲ့ ပြည်သူတွေ အားတက်စရာ

ဖိလစ်ပိုင်ပြည်သူလူထု စောင့်စားမျှော်လင့်နေတဲ့ ဖိလစ်ပိုင်သမ္မတနဲ့ ဒုတိယသမ္မတ ရွေးကောက်ပွဲကြီးကတော့ ၂၀၁၆ ခုနှစ် မေလ ၉ ရက်နေ့က ပြီးဆုံးသွားခဲ့ပါပြီ။ လက်ရှိသမ္မတဖြစ်တဲ့ ဘင်နစ်ဂ်နို အကွီနို ၃ ကတော့ ၁၉၈၇ ခုနှစ် ဖိလစ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတအဖြစ် အရွေးခံခွင့် မရှိခဲ့ပါဘူး။ အဲဒါကြောင့် ခုရွေးကောက်ပွဲဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၆ ယောက်မြောက် သမ္မတရွေးကောက်ပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ သမ္မတနဲ့ ဒုတိယသမ္မတတွေကို သီးခြားစီ ရွေးချယ်တာ ဖြစ်ပါတယ်။ မတူခြားနားတဲ့ နိုင်ငံရေးပါတီတွေက အနိုင်ရခဲ့တဲ့ သမ္မတလောင်း ၂ ယောက်ကို သမ္မတအဖြစ် ယှဉ်ပြိုင် အရွေးချယ်ခံစေတယ်လို့ ဆိုရမှာပါ။
ခုပြီးစီးသွားခဲ့တဲ့ ၁၆ ယောက်မြောက်သမ္မတ ရွေးချယ်တင်မြှောက်ပွဲဟာ ၁၉၃၅ ခုနှစ်က စတင်ရေတွက်ခဲ့တာဖြစ်ပြီး ၁၉၈၆ ခုနှစ်ကနေ ရေတွက်ရင် ၆ ကြိမ်မြောက် သမ္မတ ရွေးချယ်တင်မြှောက်ပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်ရဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ မွတ်ဆလင် မင်ဒါနောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အပါအ၀င် ဘာရင်ဂေး (barangay) အဆင့် အထက် ရွေးကောက်ပွဲတွေဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲကြီးရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။
၁၉၉၂ ခုနှစ် နောက်ပိုင်းကစပြီး ၆ နှစ်တကြိမ် မေလရဲ့ ဒုတိယ တနင်္လာနေ့မှာ ကျင်းပပေးတာ ဖြစ်ပါတယ်။ အနိုင်ရသူကို အများစုထောက်ခံမဲစနစ်နဲ့ ရွေးချယ်တာဖြစ်လို့ အဲဒီကိုယ်စားလှယ်ဟာ လူများစုကပဲဖြစ်ဖြစ်၊ လူနည်းစုကပဲဖြစ်ဖြစ် ထောက်ခံမဲ အများစုရှိတဲ့သူက သမ္မတဖြစ်ရမှာ ဖြစ်ပါတယ်။ ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်တာက သီးခြားဖြစ်ပြီး ကျင်းပတဲ့ စည်းမျဉ်းဥပဒေကတော့ အတူတူပါပဲ။
မဲပေးသူတွေက သူတို့ရဲ့ မဲလက်မှတ်တွေကို ပိုင်းပြီး ပေးလို့ရပါတယ်။ အနိုင်ရ ကိုယ်စားလှယ် ၂ ဦးစလုံးဟာ ၆ နှစ်တာ သမ္မတရာထူး၊ ဒုတိယသမ္မတ ရာထူးတာဝန်ကို ၂၀၁၆ ခုနှစ် ဇွန်လ ၃၀ နေ့လယ်ပိုင်းက စတင်ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။
သမ္မတလောင်းကိုတော့ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေရဲ့ ညီလာခံတွေကနေ ဆုံးဖြတ်ရွေးချယ်ပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင် နိုင်ငံရေးပါတီ အများစုဟာ လျော့ရဲရဲ ဖွဲ့စည်းထားတာဖြစ်လို့ နိုင်ငံရေးသမား အများစုဟာလည်း မကြာခဏဆိုသလို ပါတီပြောင်းတာတွေ လုပ်ကြပါတယ်။ ပါတီတခုက အမည်စာရင်း တင်သွင်းတာ မခံရတဲ့ သူတယောက်အနေနဲ့လည်း တသီးပုဂ္ဂလအဖြစ် ၀င်ပြိုင်လို့ရသလို တခြားပါတီတခုက စီစဉ်ပေးတာကို လက်ခံတာ ဒါမှမဟုတ် ကိုယ်ပိုင်ပါတီထောင်တာမျိုး လုပ်ပြီး ၀င်ရောက်ယှဉ်ပြိုင်လို့လည်း ရပါတယ်။ ကိုယ်စားလှယ်ကိစ္စကိုတော့ ရွေးကောက်ပွဲ စည်းမျဉ်းသတ်မှတ်တာ၊ ကျင်းပတာကို ဆောင်ရွက်ပေးရတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှာ စတင်ခဲ့ကြပြီး ၃ လတာ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။ နိုင်ငံအနှံ့အပြားမှာ မဲဆွယ်စည်းရုံးခဲ့ကြသလို တချို့ကလည်း ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ သွားရောက်ဟောပြော စည်းရုံးခဲ့ကြတာကလည်း တွေ့ရပါတယ်။
ဒါပေမယ့် မေလ ၉ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲဟာ နောက်သက်တမ်းအတွက် သမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးချယ်ပေးတာသာ မဟုတ်ဘဲ ဖိလစ်ပိုင်နိုင်ငံရဲ့ မဲပေးခွင့်ရှိသူ လူသန်းပေါင်း ၅၅ သန်းကျော်က အစိုးရအဆင့်ဆင့်ကို အထက်လွှတ်တော်အမတ် ၁၂ ဦး၊ ခရိုင်ကိုယ်စားလှယ်တဦးနဲ့ ပါတီအဆိုပြု ကိုယ်စားလှယ်တဦး၊ ပါတီအဆိုပြု ကိုယ်စားလှယ်တဦးနဲ့ ခရိုင်တွေက ကိုယ်စားလှယ်တွေနဲ့ မြို့ကြီးတွေရဲ့ မြို့ပြ စည်ပင်သာယာရေး တာဝန်ရှိသူတွေကို ရွေးချယ်ပေးတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲမှာ ၂၀၁၀ ခုနှစ်ကစပြီး နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ သမ္မတ ဘင်နစ်နို အကွီနိုကို အဓိက ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ထိပ်ဆုံး ကိုယ်စားလှယ်တွေကတော့ မားရိုးဆက် ၂၊ ရေယိုမာရေယို ဘီနေး၊ ဂရေ့စ် ဖိုး၊ ရိုဒရီဂို ဒူတာတီနဲ့ မာရီယာ ဒီဖင်ဆာ စင်တီယာဂိုတို့ပဲ ဖြစ်ကြပါတယ်။
သမ္မတ အကွီနို သဘောကျ ထောက်ခံပေးခဲ့တဲ့ သမ္မတလောင်းကတော့ အာဏာရ လစ်ဘရယ်ပါတီခေါင်းဆောင် မားရိုးဆက် ဖြစ်ပါတယ်။ သူဟာ အထက်လွှတ်တော် အမတ်တယောက်ရဲ့ သားဖြစ်သလို လက်ရှိသမ္မတရဲ့ မြေးတယောက်လည်း ဖြစ်ပါတယ်။ သူဟာ သမ္မတ အကွီနို အစိုးရအဖွဲ့မှာ တာဝန်မထမ်းဆောင်သေးခင်မှာ ဖိလစ်ပိုင် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်အမတ် တယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ကို စီးပွားရေး ကျွမ်းကျင်သူလို့ သိထားကြပြီး မစ္စတာဈေးကွက်လို့ ခေါ်ခဲ့ကြသူ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ဇွန်လ အကွီနိုရဲ့ အစိုးရအဖွဲ့က နုတ်မထွက်ခင်အထိ ဒုတိယသမ္မတတာဝန် ယူခဲ့တဲ့ ဘီနေးကတော့ ရိုးဆက်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ သူဟာ သူ့ရဲ့မာကာတီ မြို့တော်ဝန်ဘ၀က ခြစားလောက်ကိုက်မှုတွေ ရှိခဲ့တယ်လို့ ဝေဖန်ခံရတာတွေ ရှိခဲ့ပေမယ့် သူတာဝန်ယူခဲ့တဲ့ ကာလအတွင်း ဆင်းရဲသား ပြည်သူလူထု အကျိုးစီးပွားတွေကို လုပ်ဆောင်ခဲ့တဲ့အတွက် ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အမှတ်ရထားတာတွေ ရှိခဲ့ပါတယ်။ သူက သူ့ကိုယ်ပိုင်ပါတီ ညီညွတ်သော အမျိုးသား မဟာမိတ်ပါတီ (UNA) ကို တည်ထောင်ခဲ့ပြီး ဆယ်စုနှစ်အတော်ကြာကြာ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတ၀ှမ်းကွန်ရက်ကလည်း သူ့ကို အကျိုးများစေခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ နိုင်ငံရေး အတွေးအခေါ်ကတော့ ရှင်းပါတယ် "ခင်ဗျား ဘယ်သူပဲဖြစ်ဖြစ် သူက ခင်ဗျားဘက်မှာရှိတယ်” ဆိုတဲ့ အတွေးအခေါ်ရှိနေပြီး သူ့ကို ခြစားလောက်ကိုက်မှုနဲ့ အပြစ်ပြောနေတာ ရှိပေမယ့် အားကောင်းတဲ့ ကိုယ်စားလှယ်တယောက်အဖြစ်ကတော့ ပယ်ဖျက်ပစ်လို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူ မားတင်းက ဆိုပါတယ်။
အဲဒီသမ္မတလောင်း ကိုယ်စားလှယ်တွေထဲမှာ ဒါဗောင်းမြို့တော်ဝန်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရိုဒရီဂို ဒူတာတီလည်း တယောက်အပါအ၀င် ဖြစ်ပါတယ်။ သူဟာ ပီဒီပီ လာဘင် ပါတီဝင်တယောက်ဖြစ်ပေမယ့် နိုင်ငံရေးနယ်ပယ်မှာ ဘာမှမသိသေးတဲ့ သူတယောက်လို့ လေ့လာသုံးသပ်သူတချို့က ပြောပါတယ်။ လေ့လာသုံးသပ်သူ ရုဒ်ကတောာ့ မင်ဒါနောင်ရဲ့ တောင်ပိုင်း ကျွန်းပေါ်မှာရှိတဲ့ ဒါဗောင်းမြို့ဟာ ၁၉၈၀ ခုနှစ်တွေအတွင်းက စီးပွားရေးအရ အန္တရာယ်ရှိတဲ့ ခေတ်နောက်ကျနေတဲ့ နေရာတခုဖြစ်ပေမယ့် ဒူတာတီရဲ့ အုပ်ချုပ်မှုအောက် ဆယ်စုနှစ်လောက် ရောက်လာတဲ့ အချိန်မှာတော့ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ ဒေသတခု ဖြစ်လာခဲ့ပါပြီ။ သူ့ရဲ့ အဓိကမူဝါဒက ဖိလစ်ပိုင်ကို ရာစုနှစ်ပေါင်းများစွာ ဗဟိုထိန်းချုပ်မှု အလွန်အကျွံ ဖြစ်မှုတွေကို ဆန့်ကျင်တဲ့ ဖက်ဒရယ်နိုင်ငံတခုအဖြစ် ပြောင်းလဲပစ်ဖို့ပဲလို့ ဆိုပါတယ်။ ခု သူ့ကို ဖိလစ်ပိုင်ပြည်သူတွေက သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်တဲ့ အချိန်မှာတော့ ဖိလစ်ပိုင်ရဲ့ အငြင်းပွားစရာ ဖြစ်နေတဲ့ နိုင်ငံရေးသမားကြီးက သူ့မိဘတွေရဲ့ သင်္ချိုင်းမှာ သူဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ့် ဘယ်သူမှ အံတုတိုက်ခိုက်လို့ မရနိုင်တဲ့သူ ဖြစ်ဖို့ ငိုကြွေး ဆုတောင်းခဲ့တယ်လို့ ဆိုပါတယ်။
အခု သူအနိုင်ရရှိပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတအဖြစ် နောက်လမှာ စတင်တာဝန်ယူ ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။ သူက ရှိနှင့်ပြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ရေးဆွဲပြီး ဖက်ဒရယ်အစိုးရစနစ်ကို တည်ဆောက်ပေးဖို့ သူ့အနေနဲ့ တွန်းအားပေး ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အင်္ဂါနေ့ မနက်ခင်း ဒူတာတီ အောင်ပွဲရခဲ့အပြီး နာရီပိုင်းအတွင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် ပီတာ လာဗင်နာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲဖို့ ကွန်ဂရက်လွှတ်တော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ညီလာခံတရပ် ခေါ်ယူဖို့ ပြောဆိုတာကစပြီး ကျယ်ပြန့်တဲ့ တမျိုးသားလုံး သဘောတူညီမှု လိုအပ်မလားဆိုတဲ့ ဆွေးနွေးမှုအပေါ် သူက “အဓိကအချက်တွေမှာ ဖွဲ့ပုံစည်းပုံအခြေခံဥပဒေကို ပြင်တာတွေ ရှိလာမှာပါ” လို့ သူက ပြောခဲ့တယ်လို့ ဆိုပါတယ်။
ကျနော် အထက်မှာ တင်ပြခဲ့တဲ့ ကိစ္စတွေကို အဓိက တာဝန်ယူဆောင်ရွက်ရမှာကတော့ သမ္မတပဲ ဖြစ်ပါတယ်။ သူက ပြည်သူလူထု အလိုဆန္ဒရှိတာတွေကို လွှတ်တော်နဲ့ညှိပြီး ရယူပေးနိုင်ရင် သူ့ သမ္မတသက်တမ်းမှာ ဖိလစ်ပိုင်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာတာကို တွေ့မြင်လာရမှာ ဖြစ်သလို သမ္မတကိုယ်နှိုက်က ပြည်သူလူထု လိုအပ်ချက်တွေကို မျက်ကွယ်ပြုပြီး ရှိနှင့်ပြီးသား အစိုးရရဲ့ မူဝါဒတွေနဲ့ပဲ ကျေနပ်နှစ်သိမ့်နေမယ်ဆိုရင်တော့လည်း မကြာမတင်မှာ ဖိလစ်ပိုင်ပြည်သူလူထုရဲ့ ဆန့်ကျင်ကန့်ကွက်တာကို ခံလာရလိမ့်မယ် ဆိုတာကတော့ မကြာမတင် တွေ့လာရမယ့်ကိစ္စဖြစ်လို့ စောင့်ကြည့်ရမယ့်ကိစ္စ ဖြစ်ပါကြောင်း။
စိုးနေလင်း