ဂရန်ဒါကို ၃ ဂိုးပြတ်ဖြင့် ဘာစီလိုနာ ဖလားသိမ်းပိုက်၊ ဒီပို့တီပို့ ၀ – ၂ ရီးရဲလ် (ရုပ်သံဟိုက်လိုက်)

2.4K
မေ ၁၄ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ နောက်ဆုံးပွဲစဉ်မှာ ဘာစီလိုနာအသင်းက ဂရန်ဒါအသင်းကို လူးဝစ်ဆွာရက်စ်ရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ အနိုင်ယူရှိပြီး ဖလားရရှိသွားပါတယ်။
ဖလားရရေးအတွက် အပြိုင်ဖြစ်နေတဲ့ ရီးရဲလ်အတွက်တော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါ နောက်ဆုံးပွဲကို ဂရန်ဒါနဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ခြေစွမ်းအသာနဲ့ ကစားပြီး ၃ ဂိုးပြတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အနိုင်ဂိုးတွေကို ဆွာရက်စ်က ပွဲချိန် ၂၂၊ ၃၈ နဲ့ ၈၆ မိနစ်တွေမှာ တဦးတည်း ၃ ဂိုးသွင်းယူခဲ့တာပါတယ်။
အခု သွင်းယူခဲ့တဲ့ ဟက်ထရစ်ဂိုးတွေနဲ့အတူ ဆွာရက်စ်ဟာ စပိန်လာလီဂါမှာ သွင်းဂိုးစုစုပေါင်း ၄၀ နဲ့ အများဆုံးသွင်းယူထားသူဖြစ်ပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းဟာ တခြားပြည်တွင်း ဖလားတခုဖြစ်တဲ့ Copa del Rey နောက်ဆုံးဗိုလ်လုပွဲကို ဆီဗီလာအသင်းနဲ့ မေ ၂၂ ရက်နေ့ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။
တဖက် လာလီဂါပွဲစဉ်မှာတော့ ဘာစီလိုနာနဲ့ ဖလားရရှိရေး ၁ မှတ်သာ ကွာဟာနေတဲ့ ရီးရဲလ်မက်ဒရစ်ကလည်း ဒီပို့တီပို့ကို အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိတဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရီးရဲလ်အတွက် အနိုင်ဂိုးတွေကိုတော့ ရော်နယ်ဒို တဦးတည်းက သွင်းယူခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ စပိန်လာလီဂါ ဖလားကို စွန့်လွှတ်ခဲ့ရပေမယ့် ချန်ပီယံလိဂ်ဖလား နောက်ဆုံးဗိုလ်လုပွဲကို အက်သလက်တီကိုအသင်းနဲ့ လာမယ့် မေ ၂၈ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
စပိန်လာလီဂါ ပွဲစဉ်အားလုံးပြီးဆုံးချိန်မှာ ဘာစီလိုနာက ၉၁ မှတ်နဲ့ ဖလားရယူနိုင်ခဲ့ပြီး၊ ရီးရဲလ်က ၉၀၊ အက်သလက်သီကိုက ၈၈ မှတ်နဲ့ ဗီလာရီးရဲလ်က ၆၄ မှတ်နဲ့ အဆင့်အသီးသီးမှာ ရပ်တည်ခဲ့ကြပါတယ်။