ဒေါက်မြင့်ဖိနပ် အတင်းကျပ် စီးခိုင်းသည့်ကိစ္စ ဗြိတိန်လွှတ်တော်တွင် ဆွေးနွေးမည်

လုပ်ငန်းခွင်ထဲမှာ အမျိုးသမီး အလုပ်သမားတွေကို ဒေါက်မြင့်ဖိနပ် အတင်းအကျပ် စီးခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဗြိတိန် လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိပါတယ်။
နီကိုလက် သော့ပ် (Nicola Thorp) ဆိုတဲ့ အမျိုးသမီးဟာ ဒီဇင်ဘာလတုန်းက အစမ်းခန့် အတွင်းရေးမှူးအဖြစ် အလုပ်လုပ်နေတုန်း ဒေါက်မြင့် ဖိနပ်ဝတ်ဖို့ ငြင်းဆန်တဲ့အတွက် အလုပ်ထုတ်ခံခဲ့ရပါတယ်။
ဒါကို မကျေနပ်တဲ့အတွက် မေလ ၁၀ ရက်နေ့မှာ အယူခံ လက်မှတ်ထိုး လှုပ်ရှားမှုတခုကို စတင်ခဲ့တာ မေလ ၁၃ ရက်နေ့မှာ ထောက်ခံ လက်မှတ်ထိုးသူ ၁ သိန်းကျော် ရရှိခဲ့ပါတယ်။
ရှေ့နေ တယောက်ကတော့ အယူခံ လက်မှတ်တွေကြောင့် ဥပဒေ ပြောင်းလဲသွားနိုင်တဲ့ အခြေအနေ မရှိပေမ့ယ် တည်ဆဲဥပဒေတွေကို ခေတ်နဲ့အညီ အဓိပ္ပာယ်ဖွင့်တာမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
ဒီလို အဖြစ်မျိုး လွန်ခဲ့တဲ့ ၁၆ နှစ်က ရှိခဲ့ဖူးတယ်လို့ ရှေ့နေ ရီဘက္ကာ တက်ခ်က ဆိုပါတယ်။
လုပ်ငန်းခွင်မှာ စကတ်ဝတ်ဖို့ အတင်းအကြပ် တိုက်တွန်းတာ ခံရတဲ့ အမျီုးသမီးတယောက်က ပရောက်ဖက်ရှင်နယ် ဂေါ့ဖ် အားကစားအသင်း PGA ကို တရားစွဲတဲ့ အမှုပါ။ PGA ဘက်က ဒါဟာ ထုံးတမ်း အစဉ်အလာ ဖြစ်တယ်လို့ ချေပခဲ့ပေမယ့် အမှုမှာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။
ဗြိတိန်မှာ ကိစ္စတခုကို ထောက်ခံ လက်မှတ်ထိုးသူ ၁ သောင်းကျော်ရင် အစိုးရက လက်ခံ စဥ်းစားပေးပြီး၊ လက်မှတ် ၁ သိန်းဆိုရင် လွှတ်တော်မှာ ဆွေးနွေးပါတယ်။