လက်နက်ကိုင် ၃ ဖွဲ့ လက်နက်စွန့်ရန် ဗိုလ်ချုပ်မှူးကြီး ပြော
DVB
·
May 14, 2016
တအာင်းပလောင်တပ် (တီအန်အယ်လ်အေ)၊ ရခိုင့်တပ်မတော်နဲ့ MNDA ကိုးကန့်တပ်ဖွဲ့တွေ လက်နက်စွန့်ပြီး လက်နက်နဲ့ ငြိမ်းချမ်းရေးလဲရင် အာမခံချက် ပေးရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
မေ ၁၃ ရက်က နေပြည်တော်မှာလုပ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သတင်းမီဒီယာတွေ တွေ့ဆုံပွဲမှာ သူက အဲ့ဒီလက်နက်ကိုင် ၃ ဖွဲ့ဟာ အပစ်ရပ်စာချုပ်မှာလက်မှတ်ထိုးဖို့ အကျုံးမ၀င်သေးတဲ့အတွက် လက်နက်စွန့်ဖို့လိုတယ်လို့ ပြောခဲ့တာပါ။
လတ်တလောမှာ မြန်မာစစ်တပ်နဲ့ တအာင်းပလောင်တပ်၊ ရခိုင့်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မီဒီယာနဲ့ တွေ့ဆုံပွဲမှာပဲ ကာကွယ်ရေးဦးစီးချုပ်က ၅ နှစ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်လုပ်သွားမယ့် အကြောင်းနဲ့ ဒါကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံ သဘောတူတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအတွက်ကောင်းတာလုပ်သမျှကို တပ်မတော်အနေနဲ့ ဝန်းရံမယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သင့်တော်တဲ့ အချိန်ကျရင် ပြင်ဆင်မယ်လို့ ပြောကြားခဲ့ပြီး ရိုဟင်ဂျာဆိုတာ လက်မခံဘူးလို့ တပ်မတော်အကြီးအကဲက ပြောပါတယ်။