ဟီရိုရှီးမားကို အိုဘားမားသွားမည်၊ နျူကလီးယား ဗုံးကြဲမှုကို တောင်းပန်မည် မဟုတ်

ဂျပန်နိုင်ငံ ဟီရိုရှီးမားကို အမေရိကန်ပြည်ထောင်စု သမ္မတ အိုဘားမားက သွားရောက်လည်ပတ်မှာ ဖြစ်ပေမယ့် ဒုတိယကမ္ဘာစစ်က နျူကလီးယား ဗုံးကြဲချတာကို တောင်းပန်မှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
မေ ၁၀ ရက်က ထုတ်ပြန်လိုက်တာ ဖြစ်ပြီး မေ ၂၇ ရက်မှာ ဟီရိုရှီးမားကို သွားရောက်တာဟာ အမေရိကန် သမ္မတတဦးအနေနဲ့ ပထမဆုံး သွားရောက်လည်ပတ်တာ ဖြစ်တယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။
ဂျပန်မှာ ကျင်းပမယ့် ဂျီဆဲဗင်း ထိပ်သီးအစည်းအဝေးကို အိုဘားမားက တက်ရောက်ဖို့ ရှိနေသလို ညီလာခံနောက်ဆုံးနေ့မှာ ဟီရိုရှီးမားကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ သွားရောက်ဖို့ ရှိနေတယ်လို့လည်း သတင်းက ဆိုပါတယ်။
အိမ်ဖြူတော်မှာတော့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အငြင်းအခုံတွေ ဖြစ်နေပါတယ်။ အိုဘားမားရဲ့ ဟီရိုရှီးမား ခရီးစဉ်ဟာ လက်ရှိ မဟာမိတ်ဖြစ်နေတဲ့ တချိန်က ရန်သူဂျပန်နဲ့ ပြန်လည် သင့်မြတ်ရေး အဆင့်သစ်တခုအဖြစ်လည်း ရည်ညွှန်းပြောဆိုနေပါတယ်။
၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်မှာ ဟီရိုရှီးမားမြို့ပေါ်ကို ဗုံးကြဲတဲ့အတွက် ထောင်ချီတဲ့လူတွေ သေဆုံးခဲ့သလို နှစ်အကုန်မှာ လူ ၁ သိန်း ၄ သောင်းသေဆုံးခဲ့ပါတယ်။ သြဂုတ် ၉ ရက်မှာ နာဂါဆာကီပေါ်ကို ဗုံးချခဲ့ပြီး ၆ ရက်အကြာ ဒုတိယကမ္ဘာစစ်မှာ ဂျပန်က လက်နက်ချခဲ့ပါတယ်။
စစ်ပွဲအဆုံးသတ်ဖို့အတွက် ဗုံးကြဲချရတာကို အမေရိကန်အများစုက တရားတယ်လို့ ယူဆကြပေမယ့် ဂျပန်အများစုကတော့ မမျှတဘူးလို့ ယူဆနေပါတယ်။ အိုဘားမားရဲ့ အာရှခရီးစဉ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ဗီယက်နမ်ကို သွားဖို့လည်း ရှိနေပါတယ်။