ကချင်ပြည်နယ်ရှိ လိုင်စင်မဲ့ကားများကို လိုင်စင်ထုတ်ပေးရန် လွှတ်တော်ဆုံးဖြတ်
နန်းမြနဒီ
·
May 13, 2016
ကချင်ပြည်နယ်ထဲက လိုင်စင်မဲ့ကားတွေကို ပြည်နယ်လိုင်စင်ထုတ်ပေးဖို့ ဒီကနေ့ ကျင်းပတဲ့ ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။
လိုင်စင်မဲ့ကားတွေကို သင့်လျော်တဲ့ အခွန်ပေးဆောင်စေပြီး အသုံးပြုနိုင်တဲ့ လိုင်စင်ထုတ်ပေးနိုင်ဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းတဲ့အဆိုကို ၀ိုင်းမော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီခေါ် ဦးဇခေါင်ခမ်းရယ်က တင်သွင်းခဲ့တာ ဖြစ်ပြီး အတည်ပြုလိုက်တယ်လို့ ဖားကန့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်အမတ် ဦးဒါရှီလာဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။
“ကချင်ပြည်နယ်ထဲရောက်လာတဲ့ လိုင်စင်မဲ့ကားတွေ စီးနင်းတဲ့သူတွေအတွက် ဂုဏ်သိက္ခာရှိရှိ ကောင်းမွန်းစွာစီးနင်းနိုင်ဖို့နဲ့ ပြည်နယ်အနေနဲ့လည်း ဘဏ္ဍာငွေ ရန်ပုံငွေရရှိစေဖို့ စေတနာမှန်တဲ့ ရည်ရွယ်ချက်နဲ့ အဆိုပြုတင်ပြခဲ့တယ်။ မနေ့က အဆိုပြုပြီး ဒီကနေ့ဆွေးနွေး အတည်ပြုလိုက်တာဖြစ်တယ်။ ပြည်နယ်လွှတ်တော်အနေနဲ့တော့ သဘောတူလိုက်ပြီ။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဌာနက နည်းဥပဒေနဲ့ ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာတော့ ပြည်နယ်အစိုးရပေါ် မူတည်တာပေါ့။”
ဒီအဆိုကို ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းတင်ပြီး ပြည်ထောင်စုအစိုးရကို ပြန်လည်တင်ပြပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် အဆိုရှင်က အတည်ပြုပေးစေချင်တဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ အစည်းအဝေးတက်ရောက်သူ ၄၅ ဦးအနက် ထောက်ခံမဲ ၃၀၊ ကန့်ကွက်မဲ ၁၃ မဲ နဲ့ ကြားနေမဲ ၂ မဲနဲ့ အဆိုကို အတည်ပြုလိုက်တာပါ။
ကချင်ပြည်နယ်လွှတ်တော် ဒီကနေ့ အစည်းအဝေးမှာ ဧရာဝတီမြစ်ကမ်းပါးပြိုမှု အန္တရာယ် တားဆီးရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း စနစ်တကျထားရှိရေး ဆိုင်ရာ ကိစ္စတွေ အဆိုပြုထားပြီး နောက်အပတ်မှာ ဆက်လက်ဆွေးနွေးဖို့ရှိနေပါတယ်။