Home
မြန်မာသတင်း
ကားပါကင်ထောက်ခံချက် ယာယီရပ်ဆိုင်းထား၍ ကားဈေးနှုန်းမြင့်တက်
အာကာ
·
May 13, 2016
ရန်ကုန်လိုင်စင်နဲ့ တင်သွင်းမယ့်ကားတွေအတွက် ကားပါကင်ထောက်ခံချက် ယာယီ ရပ်ဆိုင်းထားတဲ့အတွက် ကားဈေးတွေ ကျပ်ဆယ်သိန်းဝန်းကျင် တက်နေပါတယ်။ ဖရီးပါမစ်နစ်တင်သွင်းမယ့် ကားတွေအတွက် ကားပါကင်ထောက်ခံချက်ကို အမိန့်ကြေညာချက် မထုတ်ပြန်ဘဲ ပြီးခဲ့တဲ့ဧပြီလကစပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီအတွက် ကားဈေးနှုန်းတွေ ဆယ်သိန်းဝန်းကျင်တက်လာတယ်လို့ မြန်မာနိုင်ငံမော်တော်ယာဉ် ရောင်းဝယ်သူများအသင်းမှ ဦးအေးကျော်က ပြောပါတယ်။ “ဒီပါကင်နဲ့ ပတ်သက်တဲ့ကားလေးတွေပေါ့နော်။ အဲဒီကားလေးတွေအားလုံးက ၁၀ သိန်း၊ ၁၅ သိန်း လောက်တက်သွားတယ်။ တချို့ဆိုရင်တော့ ၈ သိန်း လောက်တက်သွားတယ်။ အရင်ကျန်တဲ့ဟာတွေလည်း ရှိပါသေးတယ်။ ရှိတာတွေကို မှေးရောင်းတော့ နည်းနည်းလေး ဈေးတက်သွားတယ်။ နည်းနည်းလေးပဲ အရမ်းကြီးလည်းမတက်ပါဘူး” လို့ ပြောဆိုပါတယ်။ ကားဈေးနှုန်းတွေ တက်လာသလို အရောင်းအ၀ယ်တွေလည်း အေးနေပါတယ်။ လက်ရှိမှာ ပြင်ပပေါက် ဈေးအနေနဲ့ ကားပါကင်ထောက်ခံချက် တစောင်ကို ကျပ် ၁၄ သိန်းဝန်းကျင်အထိ ဈေးပေါက်နေပါတယ်။ “ကားပါကင် ကိစ္စက အစိုးရအဆက်ဆက်မှာပေါ့နော် ကားပါကင်တခုလျှောက်ပြီဆိုရင် ရ-၀-တ၊ ဆယ်အိမ်မှူးကနေပြီးတော့ မြို့နယ်မှူးအထိ အဆင့်ဆင့်ပေးကမ်းရတာများတယ်။ အဲဒီကိစ္စကို ခေတ်အဆက် ဆက်ကလည်း မှားလာခဲ့တဲ့ အမှားကြီးကို ကျနော်တို့ တနည်းတဖုံနဲ့ ကောင်းအောင်လုပ်ဖို့တော့ အစိုးရသစ်ကို အကြံဉာဏ်ပေးချင်တယ်။ ပိုင်ရှင်တွေ တကယ်ရတာက ၂ သိန်း၊ ၃ သိန်းပဲရတယ်။ လက်ရှိကားပါကင်ပေါက်ဈေးသည် ၁၄ သိန်းရှိတယ်။ အဆင့်ဆင့်ပေးကမ်း စွန့်ကြဲရတာများတဲ့အတွက် အဲဒီစနစ်ကို ကျနော်တို့ကတော့ လုံးဝမကြိုက်ဘူး။ ဒီစနစ်ကို တိကျမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အစိုးရအနေနဲ့ တကယ်ကိုလုပ်ပေးနိုင်တဲ့ အဆင့်မျိုးကို ရွေးပြီးတော့ လုပ်ပေးစေချင်တယ်။” ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချဖို့အစီအမံနဲ့ ဖရီးပါမစ်နစ်တင်သွင်းတဲ့ ကားတွေအတွက် ကားပါကင်ထောက်ခံချက်ကို ၂၀၁၅ ဇန်န၀ါရီလက စတင်သတ်မှတ်ခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024