Home
မြန်မာသတင်း
ရပ်စောက် အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းအနိုင်ရဟု ကော်မရှင် ပြင်ဆင်ကြေညာ
ရွှေအောင်
·
May 12, 2016
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် အန်အယ်လ်ဒီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခိုင်ညီညီကျော်ရဲ့ မဲမသမာမှုကန့်ကွက်လွှာဟာ ခိုင်လုံတဲ့အတွက် သူ့ကို အနိုင်ရ ကိုယ်စားလှယ်အဖြစ် ပြင်ဆင်ကြေညာပေးလိုက်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ခေါင်းဆောင်တဲ့ ကော်မရှင်ခုံးရုံး အဖွဲ့က ဒီနေ့ပဲ ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။ ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခိုင်ညီညီကျော်က သူ့ မဲဆန္ဒ နယ်မြေအတွင်းရှိ ဗထူးတပ်နယ်မှာ မဲမသမာမှုတွေ ရှိခဲ့လို့ ရွေးကောက်ပွဲရလာဒ် ကြေညာပြီး ကတည်းက ကော်မရှင်ကို တိုင်ကြားခဲ့တာလို့ ပြောပါတယ်။ “မြို့နယ်မှာ မဲပေးနိုင်သူ ၅၀၀၀၀ လောက် ရှိတယ်။ ကြံ့ခိုင်ရေးကိုယ်စားလှယ်က ၂၀၀၀၀ လောက်ရတယ်။ ကျနော်က ၁၈၀၀၀ လောက်ရတယ်၊ မဲ ၂၀၀၀ လောက် ကွာရတဲ့ အကြောင်းရင်းကို စိစစ်လိုက်တော့ မဲဆန္ဒနယ်ထဲမှာ ဗထူးတပ်နယ်ပါတယ်။ တပ်နယ်ထဲက အမှတ် ၁ နဲ့ ၂ မဲရုံတွေမှာ အဲ့ဒီမှာ သင်တန်းလာတက်နေတဲ့ သင်တန်းသား အားလုံးပေါင်းရင် ၂၀၀၀ ကျော်လောက် ရှိတယ်။ သင်တန်းသားတွေက ရပ်စောက်မှာနေတဲ့ ရက်ပေါင်း ၁၈၀ မရှိတော့ မဲပေးပိုင်ခွင့် မရှိဘူး။” အဲ့ဒီ သင်တန်းသားမဲ ၂၀၀၀ ကျော်ကို ရပ်စောက်မဲဆနနယ်မှာ ထည့်သွင်းရေတွက်လိုက်တာဟာ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်လို့ ကော်မရှင်ကို တိုင်ခဲ့တာလို့လည်း ပြောပါတယ်။ ရွေးကောက်ပွဲနည်းဥပဒေအမှတ် ၇၁(ဂ)မှာ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ မဟုတ်ကြောင်း စိစစ်တွေ့ရှိရင် အနိုင်ရကိုယ်စားလှယ်ကို ပယ်ဖျက်ပြီး ဒုတိယ မဲအများဆုံး ရရှိသူကို ကိုယ်စားလှယ်အဖြစ်ကြေညာပေးရမယ်လို့ ပြဌာန်းထားပါတယ်။ ဒီနေ့ ပြည်ထောင်စုလွှတ်တော်က ချမှတ်လိုက်တဲ့ အမိန့်ကို သက်ဆိုင်ရာ ပြည်နယ်ထံ စာပို့ အကြောင်းကြားရမှာ ဖြစ်ပြီး နိုင်ငံတော်ပြန်တမ်းနဲ့လည်း ပြန်ကြေညာ ပေးရမှာ ဖြစ်ပါတယ်။ ရပ်စောက်မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ကာယကံရှင် အန်အယ်လ်ဒီအမတ် ဦးခိုင်ညီညီကျေ်ထံ ကိုယ်စားလှယ်ဖြစ်ကြောင်း စာပို့အကြောင်းကြားတဲ့အခါ ပြည်နယ်လွှတ်တော်ထံ ဆက်သွယ် သတင်းပို့ပြီး သူတဦးတည်း ကျမ်းကျိန်ရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024