A d v e r t i s e m e n t With Us

ထိုင်းအစိုးရ လူ့အခွင့်ရေး ဆိုးဆိုးရွားရွား ချိုးဖောက်နေဟု တက်ကြွလှုပ်ရှားသူပြော

ထိုင်းအစိုးရဟာ လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းဝင် အဖြစ်ကနေ ဝေးကွာလာနေပြီလို့ ထိုင်းလူ့အခွင့်အရေး တက်ြကွလှုပ်ရှားသူ ဆူနိုင်း ပရာဆတ်က မေလ ၁၁ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအတွက် ထိုင်းကိုယ်စားလှယ်တွေ ဆွစ်ဇာလန်နိုင်ငံ မြို့တော် ဂျီနီဗာကို ရောက်နေပြီး ထိုင်းနိုင်ငံရဲ့ လူ့အခွင့်အရေးစံချိန်ကို ပြန်လှန် သုံးသပ်နေချိန်မှာ ခုလို ပြောလိုက်တာပါ။ စစ်အစိုးရကို ဝေဖန်တယ်လို့ စွပ်စွဲခံရတဲ့ အွန်လိုင်း ဝေဖန်ရေးသမားတွေကို လတ်တလော ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ သြဂုတ်လမှာ စစ်အစိုးရက ရေးဆွဲနေပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရတဲ့ အခြေခံဥပဒေအတွက် လူထုဆန္ဒခံယူပွဲလုပ်ဖို့ ပြင်ဆင်နေချိန်မှာ ခုလို နှိမ်နင်းမှုတွေ ထွက်ပေါ်လာတာပါ။ လူ့အခွင့်အရေး အုပ်စုတွေက ထိုင်းစစ်အစိုးရဟာ သူ့အာဏာခြေကုပ်ကို ခိုင်မြဲအောင် လုပ်ခဲ့ပြီးပြီ၊ ကျန်ခဲ့တဲ့ နှစ်တွေက လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ဖိနှိပ်ခဲ့တယ်လို့ ပြောပါတယ်။ ဝေဖန်သူတွေကို ထောင်ချခဲ့တဲ့အပြင် လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ဖို့ ရည်မှန်းတဲ့ ဥပဒေအသစ်ကိုလည်း ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေး စကားရည်လုပွဲတွေကို ကန့်သတ်ပြီး မီဒီယာကိုလည်း ဆင်ဆာတည်းဖြတ်မှု တင်းကျပ်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ပုံမှန်သုံးသပ်ချက် (ယူပီအာ) ဟာ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ လူ့အခွင့်အရေး စံချိန်တွေကို သုံးသပ်ချက်ပါ။ ဧပြီ ၂၇ ရက်က စစ်တပ်ဟာ စစ်အစိုးရနဲ့ အခြေခံဥပဒေမူကြမ်းကို ဝေဖန်တဲ့ မှတ်ချက်တွေကို ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ၈ ဦးကို ဖမ်းခဲ့ပါတယ်။ သူတို့ကို အာမခံနဲ့ မေ ၁၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ သူတို့ ၈ ယောက်ထဲက ၂ ယောက်ကတော့ တော်ဝင်မိသားစုကို စော်ကားမှုနဲ့ သီးခြားစွဲချက်ကို ရင်ဆိုင်နေရပါတယ်။ သူတို့ကိုတော့ ကိုယ်ရေးကိုယ်တာ ဖေ့စ်ဘွတ် မက်ဆေ့ခ်ျ သတင်းလွှာက တဆင့် ဘုရင် စနစ်ကို စော်ကားမှုနဲ့ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က တရားစွဲခဲ့ပါတယ်။ ------------------------

A d v e r t i s e m e n t With Us

More News
Up