၇၂ နှစ်အရွယ် အိန္ဒိယအဘွားအို ကလေးမွေးဖွား

2.8K
အိန္ဒိယနိုင်ငံမှ အသက် ၇၂ နှစ်အရွယ် အဘွားအိုတဦးဟာ သားယောက်ျားလေး တဦးကို အောင်အောင်မြင်မြင် မွေးဖွားခဲ့ပြီးနောက်မှာ ကမ္ဘာ့အသက်အကြီးဆုံး ကလေးမွေးဖွားသူ ဖြစ်လာခဲ့တယ်လို့ Asia Correspondent သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒယ်လ်ဂျင်ဒါခေါအမည်ရ အဲဒီအဘွားအိုနဲ့ ခင်ပွန်းဖြစ်သူ စိုက်ပျိုးရေးပညာရှင် အသက် ၇၉ နှစ်အရွယ် မိုဟင်ဒါဆင်းဂီလ်နဲ့ ၁၉၇၀ ပြည့်နှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပြီး သားသမီး မထွန်းကားခဲ့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၃ နှစ်ကတော့ သူတို့ဇနီးမောင်နှံဟာ မမျိုးဥနဲ့ သုတ်ပိုးတွေ အသုံးပြုပြီး ဖန်ပြွန်သန္ဓေတည်စေမယ့် နည်းလမ်းနဲ့ ကြိုးစားဖို့ ဆုံးဖြတ်ပြီး လုပ်ခဲ့ကြတာပါ။
ဧပြီလ ၁၉ ရက်နေ့မှာတော့ သားယောက်ျားလေးတဦးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပါတယ်။
ဒယ်လ်ဂျင်ဒါခေါက “ကျမကို တခြားသူတွေက ကလေးတယောက် မွေးစားလိုက်ဖို့ ပြောကြပါတယ်။ ဒါပေမယ့် ကျမ ဘယ်တုန်းကမှ မလုပ်ချင်ခဲ့ပါဘူး။ ဘုရားသခင်ဆီမှာ ဆုတောင်းတယ်။ ကျမ ကလေးတယောက် ရလာနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်” လို့ ပြောပါတယ်။
Times of India သတင်းစာရဲ့ အဆိုအရ ကလေးငယ်ဟာ မွေးကင်းစမှာ ကိုယ်အလေးချိန် ၂ ကီလိုဂရမ်ရှိပြီး မိဘတွေကတော့ ကလေးရဲ့ အနာဂတ်အတွက် စိတ်ပူ စိုးရိမ်နေကြတယ်လို့ ဖော်ပြပါတယ်။
ကလေးငယ်ကို အာမန်လို့ အမည်ပေးထားပြီး ဒယ်လ်ဂျင်ဒါခေါက ကလေးမရရှိသေးတဲ့ စုံတွဲတွေကို အထူးကုဆရာဝန်တွေနဲ့ ဆေးပညာရှင်တွေရဲ့ ညွှန်ကြားချက်နဲ့ ရင်သွေးရရှိလာဖို့ မျှော်လင့်ထားနိုင်တယ်လို့ အကြံပြုလိုက်တာပါ။
TheStar.com သတင်းရဲ့ အဆိုအရ လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံး ကလေးမွေးဖွားသူအဖြစ် မှတ်တမ်းတင်ထားတဲ့ အမျိုးသမီးကတော့ ၂၀၀၆ ခုနှစ်က ဘာစီလိုနာမြို့မှာ အမြွှာကလေး ၂ ဦး မွေးဖွားခဲ့တဲ့ မာရီယာဒယ်လ် ကာမန် ဘိုဆာဒါဒီလာရာ အမည်ရ အမျိုးသမီး ဖြစ်ပါတယ်။
သူ့ရဲ့အသက် ၆၆ နှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူဟာ ၂၀၀၉ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။
အဲဒီနောက်မှာတော့ ရာဂျိုဒေ၀ီ အမည်ရတဲ့ အမျိုးသမီးတဦးဟာ အသက် ၇၀ အရွယ်မှာ သမီးမိန်းကလေးတဦးကို ဒယ်လ်ဂျင်ဒါခေါလိုပဲ ဖန်ပြွန်သန္ဓေတည်နည်းလမ်းနဲ့ မွေးဖွားခဲ့ပါသေးတယ်။
ခုချိန်မှာတော့ ဒယ်လ်ဂျင်ဒါခေါဟာ အသက် ၇၂ နှစ်မှာ မွေးဖွားခဲ့တာဖြစ်လို့ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် ကမ္ဘာ့အသက်အကြီးဆုံး ကလေးမွေးဖွားသူ အမျိုးသမီး ဖြစ်လာတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။