ဧ၀ရတ်တောင်ပေါ် ဆိုးဆိုးရွားရွားလုပ်ခဲ့သည့် ခရီးသွားများစာရင်း တရုတ်ထုတ်ပြန်မည်

တရုတ်နိုင်ငံ၊ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူတွေဟာ ဧ၀ရတ် တောင်ထိပ်ပေါ် တက်ရောက်ခဲ့ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေထဲမှ ဆိုးဆိုးရွားရွား ဆေးခြယ် စာရေးမှတ်သားခဲ့ကြသူတွေကို ထုတ်ပြန်သွားမယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံဘက်ခြမ်း တောင်ခြေစခန်းမှာ ကမ္ဘာလှည့်ခရီးသွားတွေဟာ “ငါတို့ရောက်ခဲ့တယ်” စတဲ့ စကားလုံးတွေလို ဘာသာစကားပေါင်းများစွာနဲ့ ရေးခြစ်ထားခဲ့တာမျိုးတွေဟာ တစထက်တစ များပြားလာခဲ့တယ်လို့ သူတို့က ပြောပါတယ်။
သက်ဆိုင်ရာအနေနဲ့ ခရီးသွားတွေရဲ့ လိုအပ်ချက်အတွက် သူတို့ရောက်ရှိခဲ့တယ်ဆိုတဲ့ အမှတ်အသားပြုလုပ်ဖို့ နေရာအတွက် အစီအစဉ်တွေ လုပ်နေတယ်လို့ ဆိုပါတယ်။
မကြာသေးခင်ကလည်း တရုတ်နိုင်ငံရဲ့ မဟာရံတံတိုင်းကြီးလို့ လူသိများတဲ့ The Great Wall မှာလည်း ဂရပ်ဖတီဇုန်ကို ဖန်တီးပေးခဲ့ပါတယ်။
တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူတွေက ကမ္ဘာလှည့်ခရီးသည်တွေဟာ တရားဝင် မှတ်ပုံတင်ပြီးမှ ဒီဒေသတွင်း သွားရောက်ခွင့်ပြုခဲ့တဲ့အတွက် ဘယ်သူက ဒီလိုကျူးလွန်ခဲ့တယ်ဆိုတာကို ရှာဖွေရ လွယ်ကူတယ်လို့ ဆိုပါတယ်။
“ကျနော်တို့အနေနဲ့ အခုနှစ်ရာသီကစပြီး တောင်ထိပ်ပေါ်မှာ ဂရပ်ဖတီလို ဆေးခြယ်ရေးခြစ်တာမျိုးတွေ ဆိုးဆိုးဝါးဝါးလုပ်ခဲ့တဲ့ နာမည်ဆိုးစာရင်းဝင် ကမ္ဘာလှည့်ခရီးသွား စာရင်းကို ထုတ်ပြန်မှုတွေ လုပ်သွားမယ်။ မီဒီယာတွေကနေတဆင့် ဒါကို ပြည်သူတွေဆီ အသိပေးသွားမယ်” လို့ တင်ဂရီ စီရင်စုနယ်မြေ ခရီးသွားဗျူရိုအဖွဲ့မှ ဂူချွန်းလဲ့က ပြောပါတယ်။
မေလဟာ တိဘက်ဒေသမှ ဧ၀ရက်တောင်ထိပ်ဆီ လာရောက်လည်ပတ်မှုများတဲ့ ခရီးသွားရာသီဖြစ်ပြီး တောင်ခြေစခန်း အမြင့်ပေ ၂၀၁၅ မှ နေ့စဉ်လည်ပတ်မှု အကြိမ်ရေ ၅၅၀ ရှိတယ်လို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။