တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် ရှားပါးတိရစ္ဆာန်များ ထပ်မံဖြည့်တင်းမည်
အာကာ
·
May 11, 2016
ရန်ကုန်မြို့မှာရှိတဲ့ အများပြည်သူ ကြည့်ရှုနိုင်ဖို့ ဖွင့်လှစ်ထားတဲ့ တိရစ္ဆာန်ဥယျာဉ်မှာ ပြည်ပက တိရစ္ဆာန်လဲလှယ်မှု အစီအစဉ်၊ ဝယ်ယူတဲ့ အစီအစဉ်တွေနဲ့ ရှားပါးတိရစ္ဆာန်တွေ ထပ်မံတိုးချဲ့ ပြသသွားမယ်လို့ ဆိုပါတယ်။
တိရစ္ဆာန်ဖြည့်တင်းဖို့ကိစ္စနဲ့ ပတ်သက်ပြီး တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှ အုပ်ချုပ်ရေးမှူး ဦးတင်မွန်စန်းက “နှစ်မျိုးဖြစ်ပါတယ်၊ တခုကတော့ ရှားပါးတဲ့တိရစ္ဆာန်တွေကို ရောက်ရှိဖို့ စုဆောင်းထားတာရှိတယ်။ နောက်တမျိုးကတော့ ကျနော်တို့ဆီမှာရှိပြီးတော့ ရှားပါးတော့မယ်လို့ထင်တဲ့ တိရစ္ဆာန်ကို မျိုးဆက်ပြန့်ပွားဖို့ ကြိုးစားတာ ရှိပါတယ်။ ကျနော်တို့မှာ မရှိတဲ့ဟာမျိုး၊ အခုဆိုရင် မြင်းကျားပေါ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၅ လပိုင်းထဲမှာ လာဖို့ရှိပါတယ်။ အဲဒါက နိုင်ငံခြားက အစီအစဉ် အကူအညီနဲ့ ရောက်ရှိလာမှာပါ။ ပြီးတော့ ပင်ဂွင်း ၁၀ ကောင် ရောက်ဖို့ရှိပါတယ်။ အဲဒီ ပင်ဂွင်းကျတော့ ကျနော်တို့ တိရစ္ဆာန်ဥယျာဉ်အနေနဲ့ ၀ယ်တာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှာ အများပြည်သူ အပန်းဖြေစရာ အစီအစဉ်တွေကို ထပ်မံတိုးချဲ့ တည်ဆောက်သွားဖို့ ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“လူတွေရဲ့ နားနေတဲတွေ၊ Rest ဧရိယာတွေ၊ အပျော်စီး ကနူးလှေမျိုးတွေ၊ ကျနော်တို့ အဲဒါတွေနဲ့ လိပ်ပြာပြတိုက်ကဲ့သို့ အဆောက်အဦ အသစ်တွေကိုလည်း ဆောက်လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။ ၂၀၁၆-၁၇ ထဲမှာ အနီးစပ်ဆုံးကတော့ ကျနော်တို့ အသစ်ထပ်မံတိုးချဲ့မယ့် နားနေတဲတွေတို့၊ ကနူးလှေကဲ့သို့ အဲဒါတွေကိုတော့ လုပ်နိုင်ပြီးတော့ လိပ်ပြာပြတိုက်ကတော့ Future Paln ပါ။”
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှာ နို့တိုက်သတ္တ၀ါမျိုးစိတ် ၄၄ မျိုး၊ ကျေးငှက်မျိုးစိတ် ၇၀ နဲ့ တွားသွားသတ္တ၀ါမျိုးစိတ် ၁၇ မျိုး၊ စုစုပေါင်း တိရစ္ဆာန် ၁၃၉၇ ကောင် ပြသထားပါတယ်။
၁၉၀၆ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ဟာ ခုဆိုရင် နှစ်ပေါင်း ၁၁၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို အရင်က အစိုးရက တာဝန်ယူ ဖွင့်လှစ်ထားပြီး လက်ရှိမှာ ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်တဲ့ ထူးကုမ္ပဏီက နှစ်ရှည် ငှားရမ်းလုပ်ကိုင်နေပြီး ဝင်ကြေးမှာ လူကြီးတဦး ၁၀၀၀ ကျပ်နဲ့ ကလေးတဦး ၅၀၀ ကျပ် ဖြစ်ပါတယ်။