ဒဂုန်တာရာ (သို့မဟုတ်) ခိုင်ကျည်သော ရုပ်ပုံလွှာ

သည်နေ့  မေလ ၁၀ ရက်နေ့ ။ ဆရာဒဂုန်တာရာ၏ မွေးနေ့ ။ ၁၉၁၉ မှာ မွေးခဲ့သည့် ဆရာမှာ ယခုနှစ်တွင် ၉၄ နှစ်ပြည့်ပြီ။ ဆရာ့မွေးနေ့ အမီ မေ၀တ္ထုလေ့လာချက် ကို ရေးမည်ဟု မှန်းထားသော်လည်း မပြီးနိုင်သေး။ ၂ပိုင်းလောက် ကျန်နေသေးသည်။ သည်နေ့ တော့ ဆရာ့နုပျိုစဉ် ဘ၀ကို ရေးထားသည့် ဒဂုန်တာရာ၏ ဒဂုန်တာရာကို ဟိုနား ဒီနား လိုက်ဖတ်မိသည်။ ဒဂုန်တာရာက အသက် ၂၃ နှစ်အရွယ်တွင် ၂၃ ဟူသော အမည် ဖြင့် ကိုယ်ရေး အတ္ထုပ္ပတ္တိ ရေးမည်ဟု စိတ်ကူးခဲ့သည်ဟု ယင်းစာအုပ်တွင် ရေးထားသည်။ တကယ်တော့ ဆရာ သဘောကျသော အင်္ဂလိပ်စာရေးဆရာ Beverley Nichols ၏ 25 ကို ဖတ်ပြီး ယင်းစိတ်ကူး ပေါ် လာခြင်းဟု တနေရာမှာ ရေးဖူးသည်။ ကျနော်သည် ဒဂုန်တာရာ၏ ဒဂုန်တာရာကိုလည်း အကြိမ်များများ ဖတ်ဖူးသည်။ ဆရာ့ အကြောင်း ဆရာ့ဖြတ်သန်းမှုကို လေ့လာချင်သောကြောင့် ဖတ်ခြင်းဖြစ်သည်။ ဆရာ့ဘ၀ သည် မြန်မာစာပေ နှင့် မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုများနှင့် ဆက်စပ်နေသောကြောင့်လည်း စိတ်ဝင်စားခြင်း ဖြစ်သည်။ လူချင်းတွေ့ သော်ကား လေးစားမှုသည် ပိုမိုနက်ရှိုင်းခဲ့ပေသည်။ ကျနော်သည် ဆရာဒဂုန်တာရာနှင့် ရင်းနှီးသူ မဟုတ်။ တွေ့ ဖူး စကားပြောဖူးသည့် အကြိမ်ပင် သိပ်မများ။ ဆယ်ကြိမ် ထက်ပိုမည်မထင်။ မိတ်ဆွေများ ဖြစ်ကြသော ဆရာလေး (ဒေါက်တာ တင်စံဦး) နှင့် ကိုထက်မြက် (စာရေးဆရာ ထက်မြက်) တို့ က ဆရာ ရန်ကုန်ရောက်သည့်အခါမျိုးတွင် သွားတွေ့ တတ်သည့်အခါ လိုက်ပါပြီး ခနတဖြုတ် ပြောဆိုဖူး ရုံမျှသာ။ တခါတော့ ကျနော်တို့ ၏ ရှေ့နေကြီး ကိုခင်မောင်အေး (ကွယ်လွန်) စီစဉ်ပေးမှုကြောင့် ဆရာနှင့် ဒေါ်ခင်ခင်ချောကို ဧည့်ခံသော ထမင်းစားပွဲတွင် စာအကြောင်းပေအကြောင်း ပြောဖူးသည်။ မြန်မာ ၀တ္ထုများကို မြတ်မြတ်နိုးနိုး ဘာသာပြန်နေခဲ့သော ဒေါ်ခင်ခင်ချော က မြန်မာဝတ္ထုရှည်ကြီးများ တိမ် ကော ရသည့်အကြောင်းကို ၀ိုင်းဝန်းဆွေးနွေးကြခြင်း ဖြစ် သည်။ ၀တ္ထုရှည်ကြီးများနှင့် နိုင်ငံရေး နောက်ခံတို့  ဆက်စပ်နေလေရာ နိုင်ငံရေးလွတ် လပ်မှုမရှိသောခေတ်တွင် ၀တ္ထုရှည်ကြီးများလည်း တိမ်ကောရစမြဲဟု ဆရာ ပြောသည်ကို အမှတ်ရမိသည်။ ထိုအချိန်က စာပေစိစစ်ရေးသည် အလွန်တင်းကြပ်သည်။ အကြောင်းအရာပိုင်းကို မဆို ထားနှင့် သတ်ပုံကိုပင် တင်းတင်းကြပ်ကြပ်စစ်သည်။ ကျနော့်မိတ်ဆွေ ထုတ်ဝေသူ တယောက်မှာ သူ့ ဖခင် ရှေးကရေးခဲ့သော  စာအုပ်ကို မိတ္တူကူးပြီး စာပေစိစစ်ရေးတင် လေရာ “တစ်” မဟုတ်ဘဲ “တ” တွေ ဖြစ်နေသည်ဟု ဆိုရာ သတ်ပုံပြင်ခ ထောင်နဲ့ ချီ၍ အတောင်းခံရဖူး သည်ဟု ကြားရသည်။ ရင်နာနာနှင့် ရယ်မောခဲ့ရသော စာပေကင်ပေတိုင် ခေတ်က ပုံပြင် တပုဒ်ပင်။ ဆရာကား စာပေလွတ်လပ်ခွင့်ရှိသော ခေတ်မှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သောကြောင့် စာပေစိစစ် ရေးကို တော်တော် စိတ်ပျက်ခဲ့ပေလိမ့်မည်။ စာပေစိစစ်ရေး၏ နှိပ်စက်မှုကိုလည်း တော်တော် ခံ ခဲ့ ရမည်ထင်သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင် ကိုယ်တော်မှိုင်း စသောအမည်များကို တားမြစ် ပိတ် ပင်ခဲ့သည့် ကာလတခု ရှိခဲ့လေရာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအကြောင်းနှင့် သူ့ သူငယ်ချင်း ကိုအောင်ဆန်းအကြောင်း ရေးသည့်ဆောင်းပါးတို့ မှာ  အကြိမ်ကြိမ် အပိတ်ခံခဲ့ရသည်။ သို့ သော် စာပေစိစစ်ရေးကို ဆရာအနိုင်ရခဲ့သော ဖြစ်ရပ်တခု ရှိခဲ့ဖူးသည်။ ယင်းမှာ အမျိုးသားစာပေဆု ရခဲ့ သော အလှဗေဒ အမည်ရှိ စာအုပ်။ ထုတ်ဝေသူက စိစစ်ရေး၏  ဖြတ်တောက်မှုများကို မဖြတ်ဘဲ အလှဗေဒကို ထုတ်ဝေလိုက် သည်။ သူတို့ ညွှန်ကြားထားသည့်အတိုင်း မဖြတ်မတောက် ထုတ်ဝေခြင်းအပေါ် စာပေစိစစ်ရေးက ပြဿနာလုပ်သည်။ ထိုအချိန်မှာပင် အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ က အလှဗေဒ ကို ဆုပေးလိုက်သည်။ ခက်သည်က ယင်းကဲ့သို့  အမျိုးသားစာပေဆုပေးလိုက်သည့် အလှဗေဒ စာအုပ်ကို စာရေးသူ ဒဂုန်တာရာကိုယ်တိုင်က သဘောမကျ။ စာအုပ်ကိုလည်း သဘောမကျ သလို အမျိုးသား စာပေ ဆုကိုလည်း သဘောကျပုံ မရ။ ယင်းအလှဗေဒ စာအုပ်သည် သူစီစဉ်သည့်အတိုင်း ထုတ်ဝေ ခြင်း လည်းမဟုတ်သလို စာမူခနှင့် ပတ်သက်၍လည်း သူ့ ကို အသိ ပေးခြင်းမရှိဟု အလှဗေဒ ၂ စာအုပ်၏ အမှာတွင် ရှင်းပြထားသည်။ အလှဗေဒ ၂ သည် သာ သူစီစဉ်သည့် မူရင်းမူလ အလှ ဗေဒ ဟု ဆိုသည်။ ဆရာတာရာသည် စာပေဆုရ အလှဗေဒကို အသိအမှတ် မပြုသလို ယင်းအလှဗေဒ အတွက် ပေးသော အမျိုးသားစာပေဆုကိုလည်း တက်ရောက်လက်ခံခြင်း မပြုခဲ့ဟု သိရသည်။ စာပေဆု အဖွဲ့ က အိမ်တိုင်ယာရောက် ပေးသည်ဟုကား ကြားရသည်။ ဆရာကား သူ့ စိတ်ထဲတွင် မရှင်းမလင်း ဖြစ်လျှင် ယင်းကဲ့သို့  ပြတ်ပြတ်သားသား လုပ် တတ် သည်။ ဆရာ၏ ၀တ္တုတပုဒ်ကို နာမည်ကြီးထုတ်ဝေသူတယောက်က အသိမပေးဘဲ ထုတ်ဝေ ခဲ့သည်ကိုလည်း ဆရာက စာမူခ မယူဘဲ ငြင်းဆန်ခဲ့သည်ဟု ဆရာ တာရာ၏ မိတ်ဆွေကြီး ဆရာပါရဂူက ဖောက်သည်ချဖူးပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ဦးနေ၀င်းလက်ထက်က  ဆရာတာရာကို နိုင်ငံဂုဏ်ရည်ဆု ဒုတိယဆင့် ပေးခဲ့ရာ ဆရာက လက်သင့်မခံ ငြင်းဆန်ခဲ့သည်ဟု ကြားရဖူးသည်။ ဆရာ မောင်ကြည်သစ် စကားနှင့်ပြောရလျှင် ဆရာတာရာတွင် ငြင်းပယ်ခြင်း၏ အလှ ကိန်းဝပ်နေသည်။ ဆရာတာရာသည် သူ့ စိတ်ထဲ မရှင်းလင်းလျှင် ငြင်းဆန်တတ်သည်ကို ကျနော်လည်း ကိုယ်တိုင် တွေ့ ကြုံရဖူးသည်။ ကျနော့်မိတ်ဆွေတယောက်က စာတမ်းတခု တင်ရန် အတွက် ဆရာတာရာကို တွေ့ ဆုံမေးမြန်းလိုကြောင်း ပြောသည်နှင့် ဆရာ့ကို သွားတွေ့  သည်။ စာသင်ကျောင်းများတွင် ငြိမ်းချမ်းရေးသဘောတရားကို ပြဌာန်းသင်ကြားရေး အကြောင်း စာတမ်းဖြစ်သည်။ ဆရာတာရာ မှာ ဘ၀တလျောက်လုံး ငြိမ်းချမ်းရေးလှုပ်ရှားမှု တွင် ပါဝင်နေခဲ့သည့်အတွက် စာတမ်းရေးမည့် ကျနော့်မိတ်ဆွေက စိတ်ဝင်စားခြင်း ဖြစ်သည်။ သို့ သော် ဆရာတာရာနှင့်တွေ့ ပြီး မေးသည့်အခါ ဆရာက ဟက်ဟက်ပက်ပက် မပြော။ ငြိမ်းချမ်း ရေး အကြောင်းဆိုလျှင် ဆရာတာရာတော့ အားပါးတရ ပြောတော့မှာပဲ ဟု မျှော် လင့် ထားသော ကျနော်တို့ လူစုမှာ အံ့သြခဲ့ရသည်။ နောက်တခေါက် ဆရာနှင့် တွေ့ တော့  ဆရာက ရှင်းပြသည်။ ငြိမ်းချမ်းရေးဘာသာရပ်ကို စာသင်ကျောင်း မှာ သင်ကြားဖို့ အတွက်  သူ့ အား လာမေးခြင်းအပေါ် သူ့ စိတ်ထဲမှာ မရှင်း သောကြောင့် ဟက်ဟက် ပက်ပက် မပြောခဲ့တာတဲ့။ ဆရာကား ယင်းသို့ သော လူစားမျိုး။ ထိုကြောင့်လည်း ဆရာနတ်နွယ်က “ သူသည် ဘူးဆိုလျှင် ဖရုံ မသီးပါ။ သူ သဘော မပေါက်လျှင် သူ ဘ၀င်မကျလျှင် သူ ဘာမှ မလုပ်ပါ။ သည်အချက်ကို သူနှင့် လက်ပွန်း တတီး ဆယ်နှစ် ကျော် ကျော် အနှစ် နှစ်ဆယ်နီးပါး နေခဲ့ဖူးသဖြင့် ကောင်းကောင်း သိပါ သည်” ဟု မိမိနှင့် ဒဂုန်တာရာ ဟူသော ဆောင်းပါးတွင် ရေးခဲ့ခြင်း ဖြစ်မည်။ ကျနော်က တော့ ဆရာတာရာ၏  ငြင်းပယ်ခြင်း များ ကို အားကျမိသည်ကား အမှန်ပင်။ ဆရာပါရဂူက “ ဒဂုန်တာရာသည် မိမိဆုပ်ကိုင်ထားသော အယူအဆတခုခုကို ခပ်လွယ် လွယ် ခပ်ပေါ့ပေါ့ အလျော့ပေးတတ်သူမဟုတ်” ဟု ရုပ်ပုံလွှာ၏ စာမျက်နှာများ ဆောင်းပါး တွင် ရေးဖူးသည်။ ဆရာ၏ဘ၀သည် ယုံကြည်မှုနှင့် စိတ်ဓာတ်ခိုင်ကျည်မှု၏ ရုပ်ပုံလွှာဟု  ကျနော် နားလည်မိသည်။ စင်စစ် ဆရာကိုယ်တိုင်လည်း ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့သူ ဖြစ်သည်။ “ ကျွန်တော်သည် ကဗျာပေါင်းချုပ်ကို ပြန်လည်ဖတ်ကြည့်သောအခါ ကျွန်တော်သည် မိမိ ယုံကြည်မှုကို သစ္စာရှိခဲ့ပါသလော ဟူသော ဝေဖန်သုံးသပ်ချက်ဖြင့် ကြည့်မိသည်။ အကယ်၍ ကျွန်တော်သည် ကျွန်တော်ရေးဖွဲ့ ခဲ့သော ကဗျာပေါင်းချုပ်ပါ ကဗျာများတွင်  မိမိ ယုံကြည်မှုအား သစ္စာဖောက်သည်ကို တွေ့ ရှိလျှင် ကဗျာပေါင်းချုပ်ကို လွှင့်ပစ်လိုက် ပေတော့။ မှန်သာပြင်ကို ခွဲပစ်လိုက်ပေတော့။ အဘယ်ကြောင့်ဆိုသော် မိမိယုံကြည်မှုကို သစ္စာမရှိလျှင် ဘာတန်ဖိုး ရှိ တော့မှာလဲ” ဟု ကဗျာပေါင်းချုပ် အမှာစာတွင် ရေးထားသည် မဟုတ်ပါလား။ ဆရာတာရာ၏ အမှာ ကို ဖတ်ရင်း ကျနော်သည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာ အကုန် ဇန်န၀ါရီ လဆန်းက ညတညကို သတိရမိသည်။ နရသိန်မှ ပြန်လွတ်ကာစ အမတ်တဦး ဖွင့်ထား သော ဗိုလ်တထောင်ဘက်က စားသောက်ဆိုင်အသစ်ကလေးတွင် ဆရာဒဂုန်တာရာ၊ ဆရာပါရဂူတို့ နှင့် အတူ ကျနော်တို့  မိတ်ဆွေတသိုက် ဆင်နွှဲခဲ့သည့် နှစ်သစ်ကူး လွတ်လပ် ရေး ပွဲည  ဖြစ်ပါသည်။ ယင်း ညစာစားပွဲလေးတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ကျောင်းသားတစုနှင့် တွေ့ သည့် အခါ  နိုင်ငံရေး အကြောင်း၊ ငြိမ်းချမ်းရေးအကြောင်း၊ စာပေအနုပညာအကြောင်း တို့ ကို ဆရာတာရာ အားပါးတရ ပြောခဲ့သည်။ ယင်းကျောင်းသားများ၏ လုပ်ရပ်အပေါ် လေးစား ကြောင်း ပြောခဲ့သည် ကိုလည်း ကျနော် မှတ်မိသည်။ ဆရာသည် မျိုးဆက်သစ်လူငယ် များကို ယုံကြည်သူဟု ခံစားရ သည် ။ ယင်းနှစ်သစ်ကူး လွတ်လပ်ရေးပွဲတွေကို နောက်နှစ်တွေမှာ ကျနော့် မိတ်ဆွေ များက မပျက်မကွက် လုပ်ကြသည်။ ပြီးခဲ့သည့် နှစ် ကတော့ ဆရာတာရာနှင့် အတူ ဆရာ ဦးဝင်းတင် ပါခဲ့သည်ဟု သိရ သည်။ ဆရာပါရဂူကတော့ ကွယ်လွန်သွားလေပြီ။ ကျနော်သည် ဆရာတာရာ၏ မွေးနေ့ ကို သတိရသဖြင့် ယင်း လွတ်လပ်ရေးနှစ်သစ်ကူးပွဲ လုပ် တိုင်း ပါဝင်နေကျဖြစ်သော ကိုထက်မြက်ကို လှမ်းပြီး  ဖုန်းဆက်သည်။ သူက ဆရာ့မွေးနေ့ ပွဲ ကျင်းပရာ အောင်ပန်းမှ ပြန်လာခဲ့ပြီဟု ပြောသည်။ ဆရာ့မွေးနေ့ ကို မေလ၅ ရက်နေ့ က ကြိုလုပ် သည်။ “ခင်ဗျားမလာဘူးလား ၊ လာရင် ဆရာ့ဆီ တခေါက် ထပ်သွားရအောင် ” ဟုလည်း ထပ်ပြော သည်။ ကျနော်ကား ခိုင်ကျည်သော ရုပ်ပုံလွှာ၏ ဆည်းဆာရိပ်ကို မှန်းပြီး လွမ်းနေမိသည်။ ( ၁၀ မေလ ၂၀၁၃ ခုနှစ် တွင် ရေးသောဆောင်းပါး ဖြစ်ပါသည်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up