ပါရီနှင့် ဘရပ်ဆဲလ် တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်သူ ၇ ဦးကို ရုံးတင်

ဓာတ်ပုံ - ရိုက်တာ
894
ပြင်သစ်နိုင်ငံ မြို့တော် ပါရီနဲ့ ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်ကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ စွဲချက်နဲ့ လူ ၇ ဦးကို ဘရပ်ဆဲလ်မြို့တော်မှာ မေ ၉ ရက်နေ့က ရုံးတင်လိုက်ပါတယ်။
မြို့တော် ပါရီက ရှာလီအက်ဒိုမဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရပြီး ၁ ပတ်အကြာ ၂၀၁၅ ဇန်န၀ါရီလက ဘယ်ဂျီယံနိုင်ငံ အရှေ့ပိုင်းမှာ ရဲစီးနင်းမှုအတွင်း ဖမ်းဆီးခံရသူတွေ ဖြစ်ပါတယ်။
လူ ၁၃၀ ကျော် သေဆုံးခဲ့တဲ့ ပါရီမြို့တော် တိုက်ခိုက်မှုတွေကို ဦးဆောင်ခဲ့သူ Abdelhamid Abaaoud ကပဲ သူတို့ကို ခေါင်းဆောင်တယ်လို့ အစိုးရရှေ့နေတွေက ယုံကြည်နေကြပါတယ်။
အဖွဲ့ခေါင်းဆောင်ကတော့ ပါရီမြို့တော် တိုက်ခိုက်မှုတွေအပြီး ရက်ပိုင်းအကြာမှာပဲ ပါရီမြို့တော်မှာ ရဲနဲ့ပစ်ခတ်ပြီး သေဆုံးခဲ့ပါတယ်။
အကြမ်းဖက်သမားတွေနဲ့ ပတ်သက်မှုကြောင့် ရုံးတင်ခံရသူ အားလုံး ၁၆ ဦး ရှိပေမယ့် ၉ ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။
သူတို့ကို ရုံးထုတ်ခဲ့တဲ့ မေ ၉ ရက်နေ့မှာ ဘရပ်ဆဲလ်မြို့တော် လုံခြုံရေးကို တင်းကျပ်ထားပါတယ်။
စွပ်စွဲခံ ၂ ဦးရဲ့ ရှေ့နေတွေကတော့ သူတို့ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မှာ ထောင်ဆူပူမှုတွေ ဖြစ်နေလို့ သူတို့ ၂ ဦးနဲ့ စကားပြောခွင့် မရဘူးလို့ ပြစ်တင်ပြောဆိုကြပါတယ်။