ခြောက်နှစ်ကြာ လွတ်မြောက်နေသည့် မိကျောင်းကြီးကို ပြန်တွေ့ (ရုပ်သံ)
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်ထဲက ပုစွန်မွေးမြုရေး ကန်ဟောင်းတခုထဲမှာ ၆ နှစ်ကြာ ပျောက်ဆုံးနေခဲ့တဲ့ မိကျောင်းကြီးတကောင်ကို ပြန်တွေ့ရှိခဲ့တယ်လို့ Asia Correspondent သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒီမိကျောင်းကြီးဟာ ၂၀၁၁ ခုနှစ်မှာ ရေကြီးရေလျှံမှုကြောင့် လွတ်မြောက်သွားခဲ့တာဖြစ်ပြီး ခုပြန်တွေ့ရချိန်မှာတော့ အလေးချိန် ၃၀၀ ကီလိုဂရမ်လောက် ရှိနေပြီလို့ ဆိုပါတယ်။
အဆိုပါမိကျောင်းကြီးကို ပုစွန်ကန်လုပ်ငန်းပိုင်ရှင်က စတင်သတိထားမိခဲ့ကာ ဖန်ဖင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနဆီ အကြောင်းကြားခဲ့တာပါ။
ထိုင်းနိုင်ငံအခြေစိုက် အမျိုးသားသတင်းဗျူရိုရဲ့ အဆိုအရ ပိုင်ရှင်နဲ့ တခြားလူ ၃ ဦးတို့ဟာ ၅ ရိုင် (၂ ဧကခန့်) အကျယ်ရှိ ကန်ကို ပြန်လည်တူးဖော်ဖို့ ကြိုးစားချိန်မှာ ခုလိုတွေ့ခဲ့ရတာလို့ ဖော်ပြပါတယ်။
သက်ဆိုင်ရာကို အကြောင်းမကြားခင်မှာ အဆိုပါမိကျောင်းဟာ ကန်ပေါ်ကို ချိတ်တက်ဖို့ ကြိုးစားနေခဲ့တာလို့ ဆိုပါတယ်။
မိကျောင်းရဲ့အရှည်ဟာ ၃ ဒသမ ၅ မီတာရှိပြီး သက်တမ်း ၇ နှစ်နဲ့ ၉ နှစ်ကြား ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားတာပါ။