A d v e r t i s e m e n t With Us

ဖိလစ်ပိုင်သမ္မတရွေးပွဲ ဒါဗာအိုမြို့တော်ဝန် ရိုဒရီဂို ဒူတာတေးအနိုင်ရနေ

(ဓာတ်ပုံ - အေပီ)
ဖိလစ်ပိုင်နိုင်ငံမှာ မနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ တရားဝင်အတည်ပြုမဲရလဒ်တွေ ထွက်မလာသေးပေမယ့် ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေရဲ့ မဲရေတွက်မှုအရ ဒါဗာအို မြို့တော်ဝန် ရိုဒရီဂို ဒူတာတေးက ပြိုင်ဘက်တွေကို အပြတ်အသတ်အနိုင်ရနေပါတယ်။ အင်္ဂါမနက်ပိုင်းထိ မဲစုစုပေါင်း ၅၄ သန်းရဲ့ ၉၀ ရာခိုင်နှုန်းကို ရေတွက်ပြီးစီးပြီလို့ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ PPCRVက ကြေညာထားပြီး မြို့တော်ဝန် ဒူတာတေးက ရေတွက်ပြီးသမျှ မဲစုစုပေါင်းရဲ့ ၃၉ ရာခိုင်နှုန်းကို ရရှိနေပြီး သူ့နဲ့ အနီးဆုံး ပြိုင်ဘက်ထက် မန်နျူရယ်ရိုစက်ထက် မဲ ၆သန်းနီးပါးနဲ့ အသာစီး ရထားပါတယ်။ လူကြိုက်များတဲ့ အထက်လွှတ်တော် အမတ် ဂရေ့စ်ပိုးကတော့ မဲစုစုပေါင်းရဲ့ ငါးပုံတပုံကို ရထားပါတယ်။ ဆန္ဒမဲ အရေအတွက်မှာတော့ ဒူတာတေးက မဲ၁၄.၉သန်း ရထားပြီး လက်ရှိအစိုးရရဲ့ သမ္မတလောင်း ကိုယ်စားလှယ် မန်နျူရယ် ရိုစက်က ၈.၉ သန်းနဲ့ ဂရေ့စ် ပိုးက ၈.၃သန်း အသီးသီး ရရှိထားပါတယ်။ ဒါပေမယ့် PPCRVရဲ့ မဲစာရင်းဟာ တရားဝင် တော့ မဟုတ်ပါဘူး။ အဓိကပြိုင်ဘက် မန်နျူရယ်ရိုစက်ကတော့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်တယ်လို့ ၀န်ခံလိုက်ပြီး စကားကို ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ အက် ၇၁ နှစ်အရွယ် မြို့တော်ဝန် ဒူတာတေးကတော့ ပြည်သူကပေးတဲ့ လုပ်ပိုင်ခွင့်ကို အစွမ်းကုန် ရိုကျိုးနှိမ့်ချစွာလက်ခံတယ်လို့ ပြောပါတယ်။ အင်္ဂါနေ့ထုတ် ဖိလစ်ပိုင်သတင်းစာ တွေကတော့ ဒူတာတေး သမ္မတ ဖြစ်လာနိုင်တဲ့ အကြောင်း ခေါင်းကြီးပိုင်းကနေ ဖော်ပြခဲ့တာပါ။ ဆန္ဒမဲပေးခဲ့ကြတဲ့ မနီလာမြို့ခံတွေကတော့ ပြည်သူတွေဘဝ တိုးတက်ရေး သူ့ကတိတွေ တည်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ သူ့ကို အုံကြွလာအောင် လှုံ့ဆော်နိုင်စွမ်းရှိတဲ့ စကားပြောတတ်ကျွမ်းသူလို့ မီဒီယာတွေက သုံးသပ်ပါတယ်။ ရွေးကောက်ပွဲမဲဆွယ်ကာလက ရာဇဝတ်ကောင်တွေကို သတ်ပစ်မယ်၊ အဂတိလိုက်စားသူ အရာရှိတွေ အငြိမ်းစား မယူရင် သေသင့်တယ်လို့လဲသူက ခပ်ကြမ်းကြမ်းပြောခဲ့သလို ရာဇဝတ်သားတွေကို နှိမ်နင်းရာမှာ ရဲတွေ အင်အားသုံးတာကို ထောက်ခံတယ်လို့လည်း အသားပေး ပြောခဲ့ပါတယ်။ မေလ ၉ ရက် ဖိလစ်ပိုင် အထွေထွေ ရွေးကောက်ပွဲဟာ သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော်အမတ် အယောက် ၃၀၀ နဲ့ ဒေသန္တရ အုပ်ချုပ်ရေးအရာရှိ အယောက် ၁၈၀၀၀ ထောင်ကို ရွေးချယ်တဲ့ မဲပေးပွဲ ဖြစ်ပါတယ်။ မဲပေးမှု စတည်းက ခုထိ ရွေးကောက်ပွဲနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှုအတွင်း လူအနည်းဆုံး ၁၁ယောက် သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် ၈၀ ရာခိုင်နှုန်းကျော်တဲ့အထိ စံချိန်တင်သွားခဲ့ပြီး အများအားဖြင့် ချောမွေ့တယ်လို့ သတ်မှတ်ထား ပါတယ်။

A d v e r t i s e m e n t With Us

More News
Up