မီးဘေးသင့် မန္တလေး မင်္ဂလာဈေးအစား ယာယီဈေး တည်ဆောက်သွားမည် (ဓာတ်ပုံ)
DVB
·
May 10, 2016
မီးလောင်သွားတဲ့ မန္တလေးမြို့ မင်္ဂလာဈေးအစား ယာယီဈေးကို ဒီနေ့ မေလ ၁၀ ရက်နေ့မှာ တည်ဆောက်သွားမယ်လို့ သိရပါတယ်။
ယာယီဈေးကို မန္တလေးမြို့ ၃၅-လမ်း၊ ၇၁လမ်းနဲ့ ၇၂လမ်းကြား ဂေါ်ယာကွင်းမှာ ဆောက်လုပ်သွားမှာဖြစ်ပြီး ဆိုင်ခန်း ၁ ခန်းကို ၃ သိန်းခွဲ ကုန်ကျမှာ ဖြစ်ပါတယ်။
နဂိုဈေးနေရာမှာ ဈေးဆိုင်ခန်းတွေ အသစ်ပြန်တည်ဆောက်ဖို့၊ ပြန်လည်ပြုပြင်ဖို့နဲ့ ပတ်သက်ပြီး မေ ၉ ရက်နေ့က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့ လွှတ်တော်အမတ်တွေ အပါအဝင် ဈေးသူ/ဈေးသား အယောက် ၆၀၀ ကျော်တို့ မြို့တော်ခန်းမမှာ ဆွေးနွေးခဲ့ကြပါတယ်။
ဈေးကို အသစ်ပြန်လည် တည်ဆောက်မယ်ဆိုရင်တော့ စည်ပင်သာယာရေးကော်မတီမှာ ငွေလုံလောက်မှု မရှိတဲ့အတွက် လုပ်ငန်းရှင်တွေနဲ့ ပူပေါင်းပြီး တည်ဆောက်ရမှာလို့ မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။
အသစ်တည်ဆောက်မယ်ဆိုရင်တော့ မီးလောင်ထားတဲ့အတွက် ဆိုင်ခန်းပြန်ဝယ်ဖို့ ပိုက်ဆံမရှိဘူးလို့ ဈေးသူဈေးသားတွေက ပြောကြားခဲ့ပါတယ်။
ဈေးသူဈေးသားတွေဘက်က အကြီးစားပြင်ဆင်မှုတွေလုပ်ဖို့ လိုလားပြီး ၄ ထပ် ဈေးအသစ် တည်ဆောက်မလား၊ အကြီးစား ပြင်ဆင်မှုတွေပဲ လုပ်မလား ဆိုတာကိုတော့ ဆက်ဆွေးနွေးဦးမယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - အောင်အောင်