Home
မြန်မာသတင်း
ပြည်သူများ စိတ်ကြိုက်နေရာတွင်သာ ဆန္ဒထုတ်ဖော်ခွင့်ပြုသင့်ဟု တက်ကြွလှုပ်ရှားသူများ ပြော
ဇေယျာချမ်းအေး
·
May 9, 2016
ငြိမ်းစုစီ နည်းဥပဒေသစ် ရေးဆွဲအတည်ပြုတဲ့အခါ ပြည်သူတွေစိတ်ကြိုက် နေရာမှာသာ ဆန္ဒထုတ်ဖော်ခွင့် ပြုသင့်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောဆိုပါတယ်။ အရင်အစိုးရလက်ထက်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့် ဥပဒေကို အစိုးရသစ်က အခုမေလဆန်းမှာ ဖျက်သိမ်းခဲ့တာပါ။ အသစ်ပြဋ္ဌာန်းတဲ့ ဥပဒေကို ကြိုဆိုပေမယ့် အရင်အစိုးရ လုပ်ခဲ့သလို နည်းဥပဒေနဲ့ ပြန်ချည်နှောင်ပြီး ဆန္ဒထုတ်ဖော်တဲ့နေရာကို ကန့်သတ်တာမျိုးကို လက်မခံနိုင်ဘူးလို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုပါတယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ဦးဝင်းချိုက “၁၈ တင်မကဘူး၊ ၁၉ ပါ ပါသေးတယ်။ ၁၉ ကကျတော့ သတ်မှတ်ထားတဲ့နေရာမှာ မဆောင်ရွက်ဘူးဆိုတဲ့ အကြောင်းအရာပေါ့။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း မဆောင်ရွက်ဘူးဆိုတဲ့ အကြောင်းပေါ့။ ဆိုတော့ ဒီကိစ္စကလည်း အခုအချိန်ထိ အခက်အခဲ ဖြစ်နေတုန်းပါပဲ။ အဲ့ဒီအတွက် အခုနောက်ဆုံးအနေနဲ့ ငါတို့ရဲ့ လက်သန်းလေးတွေမှာ မင်စွန်းထားခဲ့တဲ့ အန်အယ်လ်ဒီပါတီရဲ့ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်တဲ့အချိန်မှာ နောက်တကြိမ် ထပ်မံပြင်ဆင်ပြီး လွှတ်တော်မှာ ပြန်တင်ပြထားတယ်” လို့ ပြောပါတယ်။
အဲ့ဒါအပြင် ဥပဒေသစ်ကို ပြဋ္ဌာန်းတယ်ဆိုပေမယ့် လက်ရှိအချိန်အထိ တခြားသော တည်ဆဲဥပဒေတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ကန့်သတ်ထားတာတွေကိုလည်း ဖြေလျော့ပေးဖို့ လိုတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုပါတယ်။ “ဘယ်နေရာမှာပဲ ဆန္ဒပြရမယ်ဆိုတဲ့ဟာကို အရင်အစိုးရ လက်ထက်တုန်းက လုပ်ထုံးလုပ်နည်းတွေနဲ့ ပြန်ပြီးတော့ ပြင်ထားတာကိုး။ အဲ့လို ဟစ်တိုင်မှာပဲ ပြရမယ် ဆိုတာကိုတော့ ဆရာတော့ လက်မခံဘူး။ အဲ့ဒီလိုသာဆိုရင်တော့ ပြဿနာကတက်မှာပဲ။” အရင်အစိုးရလက်ထက် ငြိမ်းစုစီဥပဒေ၊ နည်းဥပဒေမှာ ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ ၁၈ ဟာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများစုကို အဲ့ဒီဥပဒေနဲ့ တရားစွဲ  ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024