A d v e r t i s e m e n t With Us

ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတသစ်ရွေးကောက်ပွဲ ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၆ ယောက်မြှောက်  သမ္မတသစ်ကို ရွေးကောက်တင်မြှောက်ဖို့ ဒီကနေ့ မနက် ၆ နာရီကတည်းက နိုင်ငံတ၀န်း မဲရုံတွေစတင်ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူတွေ တန်းစီဆန္ဒမဲတွေ ပေးနေကြပါတယ်။ ဒီရွေးကောက်ပွဲမှာ ဖိလစ်ပိုင်ပြည်သူတွေဟာ သမ္မတလောင်း ၅ ဦးထဲကနေ သမ္မတသစ်ကို ရွေးချယ်ကြမှာဖြစ်ပြီး ဒုသမ္မတ ၁ ဦး၊ အထက်လွှတ်တော်အမတ် ၃၀၀ လောက်နဲ့ မြို့တော်ဝန် တွေ အပါအ၀င် ဒေသန္တရ အုပ်ချုပ်ရေးအရာရှိ ၁၈၀၀၀ လောက်ကိုလည်း မဲပေးရွေး ရွေးကောက် တင်မြှောက်ကြမှာ ဖြစ်ပါတယ်။ သမ္မတရာထူးအတွက် ၀င်ရောက်အရွေးခံနေတဲ့ ကိုယ်စားလှယ် ၅ ဦးကတော့ ပြည်ထဲရေး ဝန်ကြီးဟောင်း မန်နျူယယ် ရောက်စက်စ်၊ ဒုသမ္မတနဲ့ အတိုက်အခံခေါင်းဆောင် ဂျေဂျိမာ ဘစ်နေ၊ အထက်လွှတ်တော်အမတ် ဂရေ့စ်ပိုးနဲ့ မာရီယံ စန်တီယာဂိုနဲ့ ဒါဗာအို မြို့တော်ဝန် ရိုဒရီဂို ဒါတာ့ဒ် တို့ဖြစ်ပါတယ်။ လက်ရှိသမ္မတ ဘနစ်နိုအကွီနိုကတော့ အခြေခံဥပဒေရဲ့ သမ္မတသက်တမ်း ၆နှစ် ကန့်သတ်ချက် အရ ရွေးကောက်ပွဲ ဝင်ပြိုင်လို့ မရပါဘူး။ ဖိလစ်ပိုင်နိုင်ငံမှာ စီးပွားရေး တိုးတက်ခဲ့ပေမယ့် ဝင်ငွေ မညီမျှမှုနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး မလုပ်နိုင်ခဲ့လို့ လက်ရှိ အာဏာရ ရေပေါ်ဆီ အစိုးရကို လူကြိုက်နည်းနေကြောင်း ရွေးကောက်ပွဲ မဲဆွယ်မှုတွေက ဖော်ထုတ်ပြသနေပါတယ်။ ဒီနှစ်အတွက် သမ္မတလောင်း ၅ ယောက်အနက် ကနဦးစစ်တမ်းတွေအရ မြို့တော်ဝန်နဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးသမား ရိုဒရီဂိုဒုတာ့ဒ်က သက်တောင့်သက်သာ ဦးဆောင်နေပါတယ်။ မြို့တော် မနီလာက မဲဆန္ဓရှင် တယောက်ကတော့ လက်ရှိ ဒုသမ္မတ ဂျေဂျိုမာ ဘစ်နေကို မဲပေးခဲ့တယ် သူက ပြည်သူတွေအတွက် အများကြီး လုပ်ခဲ့တာကို သိပြီးသား ဖြစ်နေတယ်လို့ ပြောပါတယ်။ တခြား အမျိုးသမီးတယောက်ကတော့ ဖိလစ်ပိုင်တောင်ပိုင်းက ဒါဗာအို မြို့တော်ဝန် ဒုတာ့ဒ်ကို မဲပေးခဲ့ကြောင်း ပြောပါတယ်။ အပြုသဘော ပြုပြင်ပြောင်းလဲရေးနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာ နောက်ကြောင်း မှတ်တမ်းတွေကြောင့် မဲပေးတာလို့ ဆိုပါတယ်။ ဒီနှစ်ရွေးကောက်ပွဲအတွက်  ဖိလစ်ပိုင် လူဦးရေ သန်း ၁၀၀ ရဲ့ တဝက်ကျော်ကဖြစ်တဲ့ မဲဆန္ဒရှင် ၅၄ သန်းက မဲပေးဖို့ မှတ်ပုံတင်ထားပြီး ရွေးကောက်ပွဲ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ ရဲတပ်ဖွဲ့ဝင် အင်အား ၁ သိန်း လောက်လည်း ချထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up