Home
ဆောင်းပါး
ကနေဒါ တောမီးကြီးနဲ့ လူပီသသူတွေ
DVB
·
May 9, 2016
၂၀၁၆ ခုနှစ် ကနေဒါနိုင်ငံရဲ့ တောမီးရာသီကတော့ ၂၀၁၅ ခုနှစ်တုန်းကထက် သီတင်းပတ် ၂ ပတ် ၃ ပတ်လောက်စောပြီး စတင်ခဲ့ပါတယ်။ အဲဒါဟာ အနိမ့်ပိုင်းတောင်ကုန်းဒေသပိုင်းက မြက်သေတွေဟာ မြင့်မားတဲ့ အပူချိန်ကြောင့် အလျှင်အမြန် သွေ့ခြောက်လာခဲ့ကြလို့ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တကယ်တော့ ဧပြီလကတည်းက ဗင်ကိုးဗားမှာ ၂၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်အထိ မြင့်တက်လာခဲ့တဲ့ရက်တွေ ရှိလာခဲ့တဲ့အတွက် ဒါဟာ ဇူလိုင်လမှာ ရှိတတ်တဲ့ ပျမ်းမျှအပူချိန်ထက်တောင် မြင့်မားနေခဲ့လို့ ဒေသအတွင်းပိုင်းမှာ မီးလောင်ကျွမ်းမှုတွေ ဒါဇင်နဲ့ချီပြီး ဖြစ်ပွားခဲ့ပါတယ်။ နွေရာသီရဲ့ အမြင့်ဆုံးလိုမျိုးလို့တောင် ထင်ကြရပါတယ်။ ဗြိတိသျှ ကိုလံဘီယာဒေသ သစ်တောဝန်ကြီး စတိဗ်ထွမ်ဆင်ကတော့ “ဒီလို စောစောစတာဟာ စိုးရိမ်စရာပါပဲ” လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောကြားခဲ့ပြီး “မနေ့က ညက ကျနော့်ဆီ သတင်းစ၀င်လာပြီဆိုတာနဲ့ စိတ်က လှုပ်ရှားလာပြီး ဗိုက်ထဲမှာ မအီမသာ ဖြစ်လာတော့တာပါပဲဗျာ” လို့ ဆက်ပြောခဲ့ပါတယ်။ ဒီ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်လောင်ကျွမ်းခဲ့တဲ့ ကနေဒါနိုင်ငံက ပြင်းထန်တဲ့ တောမီးဟာ ဖော့ထ်မက်မာရေးမြို့ကို ပတ်ဝိုင်း လောင်ကျွမ်းနေခဲ့တာဖြစ်ပြီး ကြာသပတေးနေ့အထိ မီးအားလျော့ကျမသွားသေးတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိ အရာရှိတွေက သောင်းနဲ့ချီတဲ့လူတွေကို ဒုတိယအကြိမ်မြောက် ပိုပြီး တောင်ဘက်ပိုင်းကျတဲ့ နေရာတွေမှာ ပြန်ပြီး ရွှေ့ပြောင်းနေရာချပေးနေရပါတယ်။ တောမီးဒဏ်သင့်ခံရတဲ့ မြောက်ဘက်က စခန်းတွေက နောက်ထပ် လူပေါင်း ၂၅၀၀၀ ကိုလည်း လေယာဉ်တွေနဲ့ သယ်ထုတ်ပေးဖို့ ပြင်ဆင်နေရပါတယ်။ နောက်ဆုံး ရွှေ့ပေးကြရတဲ့ သောင်းနဲ့ချီတဲ့ အစပိုင်းမှာ ရေနံစိမ့်မြေတွေမှာ ခိုလှုံဖို့ မြောက်ဘက်ပိုင်းကို ထွက်ပြေးလာခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ မီး တနာရီကို ၂၅ မိုင်နှုန်း တိုက်ခတ်နေတဲ့လေက ပိုပြီး ကြီးထွားကျယ်ပြန့်လာစေတဲ့အတွက် ဖော့ထ် မက်မာရေးမြို့ရဲ့ တောင်ဘက် မိုင် ၁၀၀ ကျော်ဝေးတဲ့ ပိုပြီး လုံခြုံစိတ်ချရတဲ့ နေရာတွေကို လေကြောင်းကနေ ရွှေ့ပြောင်းပို့ဆောင်ပေးဖို့ တာဝန်ရှိသူတွေက စုစည်းဆောင်ရွက်ပေးခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ အယ်လ်ဘာတာဟာ တောမီးကြီးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားရင်း ပိုပြီးကျယ်ပြန့်တဲ့ မဖြစ်မနေ ရွှေ့ပြောင်းရမယ့် ဘေးကင်းရာနေရာကို သတ်မှတ်ပေးဖို့ ကြိုးစားနေကြရပါတယ်။ တာဝန်ရှိသူတွေက ကြာသပတေးနေ့ ညနေပိုင်းမှာ လူ ၈၀၀၀ ကို မြောက်ပိုင်းစခန်းတွေကနေ လေယာဉ်နဲ့ စတင်သယ်ထုတ်ပေးနိုင်ဖို့ မျှော်လင့်ထားခဲ့ကြပါတယ်။ အယ်လ်ဘာတာ ၀န်ကြီးချုပ် ရေချယ်လ် နော့တလေကတော့ “ကျမတို့ လောလောဆယ် အဓိက ထားတာကတော့ အဲဒီလူတွေကို တောင်ပိုင်းကို ဖြစ်နိုင်သမျှ မြန်မြန်ပို့ပေးဖို့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ တကယ်တော့ အဲဒီလုပ်ငန်းစခန်းတွေဟာ မြို့က ထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ သူတွေအတွက် သဘာဝအရ အန္တရာယ်ကင်းရှင်းရာ နေရာတခုလို့ ယူဆရပါတယ်။ ဖော့ထ်မက်မာရေးမြို့ဟာ ကနေဒါရဲ့ အဓိက ရေနံစိမ့်မြေနေရာက ကျယ်ပြောလှတဲ့ သစ်တောကြီးတွေ ၀ိုင်းရံထားတဲ့မြို့ပါ။ ဆော်ဒီအာရေဘီးယားနဲ့ ဗင်နီဇွဲလားပြီးရင် တတိယ အကြီးဆုံး အရန် ရေနံထွက်ရှိရာလို့ သတ်မှတ်ခံထားရတဲ့ နေရာပါ။ အဲဒီအချိန်မှာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေက မြို့ကနေ တောင်ဘက် မိုင် ၃၀ လောက်မှာရှိတဲ့ ဆင်ခြေဖုံးဒေသတွေကို ပထမ ထွက်ပြေးလာကြသူတွေကတော့ ညသန်းခေါင်ကျော် ကြာသပတေးနေ့အရောက်မှာ ကနေဒါ တော်ဝင်မြင်းစီး ပုလိပ်တပ်ဖွဲ့ဝင်တွေက တောမီးကြီးမား ကျယ်ပြန့်လာနေတဲ့အကြောင်း တအိမ်တက်ဆင်း လိုက်လံသတိပေးလာခဲ့လို့ ဘတ်စ်ကားတွေပေါ်ကို စုပြုံတက်ရောက်ခဲ့ကြရပြန်ပါတယ်။ အဲဒီလူတွေထဲက အတော်များများကို တောင်ဘက်ပိုကျတဲ့ မိုင် ၁၈၀ လောက်ကွာလှမ်းတဲ့ လက်လာဘီရှီမြို့ကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။ နော့တလေက တောမီးလျှံဟာ ဖော့ထ်မက်မာရေးမြို့က အိမ်ခြေနဲ့ အဆောက်အဦ ၁၆၀၀ ကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ၀န်ကြီးချုပ် နော့တလေဟာ အဲဒီမီးသင့်ရာဒေသကို လေယာဉ်နဲ့ သွားရောက်ခဲ့ပြီး တွစ်တာကနေ ဟက်တာ ၈၅၀၀၀ ဒါမှမဟုတ် ၃၃၀ မိုင်ပတ်လည်လောက် ဒေသတွေက ဓာတ်ပုံတွေကို ကြာသတေးနေ့က တင်ပြပေးခဲ့ပြီး “လေယာဉ်ပေါ်က ကြည့်ရတဲ့ မြင်ကွင်းကတော့ ရင်ကျိုးစရာပါပဲရှင်” လို့ သူက ပြောပြခဲ့ပါတယ်။ အယ်လ်ဘာတာမြူနီစီပယ်လ်ဝန်ကြီး ဒင်နီးရေးလ် လာရီဗီးကတော့ တောမီးကို မီးသတ်သမား ၂၅၀ လောက်က အကြီးစား မီးသတ်စက်ပေါင်း ၁၂ ခုနဲ့ ဟယ်လီကော့ပတာ ၁၂ စီးလောက်ကို အသုံးပြုပြီး ငြှိမ်းသတ်ဖို့ ကြိုးစားနေကြတာဖြစ်သလို လေယာဉ်တွေနဲ့ ပြည့်နေတဲ့ လေကြောင်းပိုင်နက်ကလည်း လုံခြုံစိတ်ချရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဖော့ထ်မက်မာရေးရဲ့ မီးသတ်ဌာန ဦးစီးအရာရှိ ဒါဘီ အဲလင်ကလည်း သတင်းစာရှင်းလင်းပွဲတခုမှာ သူတို့ရဲ့ ကယ်ဆယ်သယ်ထုတ်ပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မျက်ရည်ဆည်ဖို့ ကြိုးစားရင်း “ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ ခုထိတော့ ဘယ်သူမှလည်း မသေသေးပါဘူး။” လို့ ရှင်းလင်းပြောဆိုခဲ့သလို “ဒီကိစ္စကို ကျန်ာတို့ ဆုံးခန်းတိုင်အောင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ခုထိလည်း အဲဒီလို ပြောနိုင်ပါသေးတယ်။” လို့ သတင်းသမားတွေကို ပြောကြားခဲ့ပါတယ်။ သူက “ကျနော်တို့ ဒီမှာရှိနေကြတယ်။ ပြီးတော့ ကျနော်တို့ အားကောင်းမောင်းသန် ရှိနေကြပြီး ကျနော်တို့ ကိုယ့်အလုပ်ကို ကိုယ်လုပ်နေနေကြတုန်းပါပဲဗျာ” လို့လည်း ဆက်ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီတခါ တောမီးကြီးကတော့ တကယ့်ကို ကြီးမားပြင်းထန်တယ်လို့ ပြောရမယ့် အခြေအနေဖြစ်ပါတယ်။ အယ်လ်ဘာတာက တောမီးရဲ့ ကျယ်ပြန့်လာမှုဟာ စတုရန်း ကီလိုမီတာ ၈၅၀ (၃၂၈ ဒသမ ၂ စတုရန်းမိုင်) အထိ ဖြစ်လာခဲ့ပြီး သောင်းနဲ့ချီတဲ့ လူတွေဟာ လေးရက်အတွင်း ဒုတိယအကြိမ်မြောက် ဘေးကင်းရာ ရွှေ့ပြောင်းပေးရတော့မယ့် အရေးနဲ့ ကြုံတွေ့နေကြရပါပြီ။ တကယ်တော့ ကနေဒါအစိုးရက ဒီလောက်ထိ ကြိုးပမ်းအားထုတ် ငြှိမ်းသတ်ဖို့ ကြိုးစားနေကြပေမယ့် တောင်ပိုင်းအထိ ပျံ့နှံ့လောင်ကျွမ်းလာခဲ့ပြီး စတင်လောင်ကျွမ်းခဲ့တဲ့ အချိန်ကထက် ၅ ဆအထိ ကြီးထွားလာခဲ့ပြီး လူပေါင်း ၈၈၀၀၀ ကျော်ကို ဘေးကင်းရာကို ကယ်ထုတ်ပို့ဆောင်ပေးခဲ့ရပြီးပါပြီ။ ဒါပေမယ့် လေတိုက်ခတ်မှုပြင်းရင် ပြင်းသလို မီးရဲ့ လောင်ကျွမ်းမှု ပမာဏက ပိုပြီး ကြီးမားလာနေခဲ့တာ ဖြစ်ပါတယ်။ အမှန်ကတော့ တောမီးဟာ ကနေဒါ ရေနံစိမ့်မြေဒေသမှာ တနင်္ဂနွေနေ့မှာ စတင်လောင်ကျွမ်းလာခဲ့တာဖြစ်ပြီး ရေနံစိမ့်မြေစီမံကိန်း အတော်များများဟာ ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါတယ်။ အံ့သြစရာကောင်းတာက ဒီလောက်ကြီးမားတဲ့ တောမီးကြီးကို ထိန်းချုပ်ငြှိမ်းသတ်ရင်း ပြည်သူလူထုရဲ့ အသက်တွေကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ခုချိန်ထိတော့ အသေအပျောက် မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကယ်ထုတ်ရွှေ့ပြောင်းပေးတဲ့ လမ်းကြောင်းမှာတော့ အနည်းဆုံး ယာဉ်တိုက်မှုတခုဖြစ်ခဲ့ပြီး အသေအပျောက်လည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ အယ်လ်ဘာတာ အရေးပေါ် စီမံကွပ်ကဲမှု အေဂျင်စီက စကော့ထ်လောင်းကတော့ “အရမ်းပြင်းထန်တဲ့ မီးပါပဲဗျာ” သူ့ကို ငြှိမ်းသတ်ဖို့ မိုးကို လိုအပ်ခဲ့တာပေါ့ဗျာလို့ ပြောကြားခဲ့ပါတယ်။ မိုးလေ၀သ ခန့်မှန်းချက်တွေအရ အပူချိန်ပိုပြီးကျလာနိုင်သလို မိုးရွာလာနိုင်ခြေလည်း ရှိတယ်လို့ ဆိုတဲ့အတွက် တောမီးကြီးကို ထိန်းချုပ်ဖို့ ပိုပြီး လွယ်ကူလာနိုင်တဲ့ အခြေအနေကို မျှော်လင့်လို့ ရနေပြီလို့ ပြောရမှာပါပဲ။ ဒါပေမယ့် ဒီတောမီးကြီးက နိုင်ငံရဲ့ နေ့စဉ် ရေနံစိမ်းထွက်ရှိမှု ပမာဏရဲ့ ၃ ပုံ ၁ ပုံနီးပါး အနည်းဆုံး ရေနံစိမ်းစည်ပေါင်း ၆၄၀၀၀ ကို လျော့ကျသွားစေခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ သတင်းအရ သိရှိရပါတယ်။ မီးလောင်ရာဒေသက ထွက်ပြေးလာခဲ့တဲ့ ဆီမွန် ဘစ်ဇ်က “ဒီမီးခိုးမည်းမည်းမည်းကြီးတွေက ကျနော့ကားပတ်လည်မှာ ပိတ်ဆိုင်းနေတာပေါ့ဗျာ။ လူတွေက ခြေသွားလမ်းတွေပေါ်မှာ၊ မျက်ခင်းစပ်တွေပေါ်မှာ ကားတွေကို မောင်းပြီး လွတ်ရာကို ထွက်ပြေးနေခဲ့ကြတယ်လေ။ ကျနော်ကတော့ ကျနော်ငှားထားတဲ့ အိမ်လေး ခုထိ ဘာမှမဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျနော် ဘယ်သိနိုင်မလဲဗျာ။ ဒေသတခုလုံးကတော့ အန္တရာယ်ကျရောက်နေပါပြီ။ တကယ့်ကို ကပ်ဘေးသင့်မှုကြီးပါပဲဗျာ” လို့ ပြောပြခဲ့ပါတယ်။ ဒီတောမီးကြီးကြောင့် ကျနော်တို့မြို့ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းကြီးတခု ပျက်စီးဆုံးရှုံးနိုင်ခြေ ရှိပါတယ်လို့ အယ်လ်ဘာတာ အရေးပေါ် စီမံကွပ်ကဲမှု အေဂျင်စီက စကော့ထ်လောင်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကနေဒါဝန်ကြီးချုပ် ဂျပစတင် ထရူးဒိုးကလည်း ကြာသပတေးနေက သူတို့ ဖက်ဒရယ်အစိုးရ အနေနဲ့ တောမီးသင့်ဒဏ်ခံရတဲ့ ဒေသကို အကူအညီပေးနေတဲ့ အကူအညီတွေနဲ့ ထပ်တူ ကူညီထောက်ပံ့မှုတွေ ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ကနဒါဝန်ကြီးချုပ် ထရူးဒိုးက ဆက်ပြီး “တနိုင်ငံလုံးက စိတ်ကောင်းစေတနာတွေနဲ့ ကရုဏာတရားတွေဟာ စေ့ဆော်တိုက်တွန်းမှုတခု အနေနဲ့သာ မဟုတ်ပါဘူး၊ အဲဒါဟာ ကနေဒါနိုင်ငံသားတွေက ခံယူထားကြတဲ့ အခြေခံလူ့တန်ဖိုးရဲ့ အလုံးစုံ သဘောစရိုက်လက္ခဏာ ဖြစ်နေလို့ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက နိုင်ငံရေးခေါင်းဆောင်တွေက အစ ပြည်သူလူထုအဆုံး တကယ့် လူ့တန်ဖိုးဟာ ဘာဆိုတာကို နားလည်တန်ဖိုးထားနိုင်ကြပါစေကြောင်း……….။       ။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024