ထိုင်းငွေထုတ်ကတ်များ ကမ္ဘာ့အဆင့်မီကတ်သို့ပြောင်းရန် ညွှန်ကြား

ထိုင်းနိုင်ငံ ဘဏ်အသီးသီးက ထုတ်ပေးတဲ့ အေတီအမ် ငွေထုတ်ကတ်တွေ ပိုမိုလုံခြုံစေဖို့နဲ့ ကမ္ဘာ့အဆင့်မီစေဖို့ လာမယ့် မေ ၁၆ ရက်နေ့ကစပြီး ကတ်အသစ်တွေ လဲလှယ်ထုတ်ပေးဖို့ ထိုင်းအမျိုးသားဘဏ်က ညွှန်ကြားလိုက်တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိ ထိုင်းဘဏ်အသီးသီးကနေ အများပြည်သူကို ထုတ်ပေးထားတဲ့ အေတီအမ်ကတ်နဲ့ Debit ကတ် သန်း ၆၀ ရှိပြီး အဆိုပါကတ်တွေကို ပိုမိုလုံခြုံစိတ်ချရတဲ့ ချစ်ပ်ကတ် (Chip Card) အဖြစ် လာမယ့် မေလ ၁၆ ရက်ကစပြီး ၃၁ ဒီဇင်ဘာ ၂၀၁၉ အထိ ၃ နှစ်တာကာလအတွင်း အပြီးပြောင်းလဲပေးဖို့ ညွှန်ကြားကြောင်း ထိုင်းအမျိုးသားဘဏ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် နန်းထောန်းဥလိုင်းက မေ ၄ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ခုလိုပြောင်းလဲပေးလိုက်တာဟာ ကတ်တွင်းရှိ မိမိကိုယ်ရေးအချက်အလက်တွေ ရယူတာ၊ လျှို့ဝှက်သင်္ကေတတွေ ရယူတာ စတဲ့ မသမာမှုတွေကနေ ကာကွယ်နိုင်မှာဖြစ်သလို  နိုင်ငံတကာအဆင့်မီ ကတ်အဖြစ် မြှင့်တင်ပေးရာ ရောက်တယ်လို့လည်း ဒု-ညွှန်ချုပ်က ပြောပါတယ်။ ယခင်က ချစ်ပ်ကတ်အမျိုးအစားရှိသူတွေအနေနဲ့ မိမိငွေအပ်ထားရာဘဏ်နဲ့ ဘန်ကောက်ဘဏ်ကလွဲလို့ တခြား ဘယ်အေတီအမ်စက်မှာမှ ထုတ်လို့မရခဲ့ပေမယ့် အခုချိန်မှာ ငွေထုတ်စက်တိုင်း လက်ခံနိုင်ဖို့  ပြုပြင်ပြောင်းလဲနေကြပြီး ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း၊  ရိုးရိုး အေတီအမ်ကတ်မှ ချစ်ပ်ကတ်အဖြစ် ပြောင်းလဲရာမှာ ၀န်ဆောင်ခ ကုန်ကျမှာမဟုတ်ဘဲ မပြောင်းရသေးသူတွေအနေနဲ့ ပုံမှန်ငွေထုတ်ယူနိုင်ကြောင်း ထိုင်းအမျိုးသားဘဏ် တာဝန်ရှိသူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up