မိခင်ကို လည်ပင်းညှစ်သတ်သည့် ဂျပန်အထက်တန်းကျောင်းသူ ဖမ်းဆီးခံရ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသူတဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မိခင်ဖြစ်သူကို လည်ပင်းညှစ်သတ်ခဲ့တဲ့အတွက် ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ သူဟာ မိဘတွေနဲ့အတူ တိုကျိုမြို့က ကွန်ဒိုမီနီယံတခုမှာ နေထိုင်တာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့ညပိုင်းကနေ ၂၇ ရက်နေ့ကြားအချိန်မှာ ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနေ့တွေမှာ ဖခင်ဖြစ်သူဟာ ၂ ရက်ကြာခရီးသွားနေခဲ့တာဖြစ်ပြီး သူဟာ မိခင်ဖြစ်သူနဲ့အတူ အိမ်မှာရှိနေခဲ့တာပါ။ ပဏာမစုံစမ်းစစ်ဆေးမှုမေးခွန်းတွေမေးချိန်မှာ သူဟာ ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံခြင်းမရှိခဲ့ဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညပိုင်းမှာ သူဟာ မိခင်ဖြစ်သူ အသက်မရှုတော့ကြောင်း ဖုန်းဆက်ပြီး အရေးပေါ်လူနာတင်ယာဉ်ခေါ်ယူခဲ့တာပါ။ ပဏာမစုံစမ်းစစ်ဆေးမှုတွေအရ မိခင်ဖြစ်သူဟာ အခန်းတွင်းဆိုဖာပေါ်မှာ လဲ လျောင်းပြီး အိပ်ပျော်ခဲ့ရာကနေ နောက်တနေ့ညနေထိ မထတော့လို့ သူက မသင်္ကာ ဖြစ်ခဲ့ကာ အရေးပေါ်လူနာတင်ယာဉ်ခေါ်ခဲ့ရတာလို့ ဆိုပါတယ်။ ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ မိခင်ရဲ့ လည်ပင်းကို တံဘက်နဲ့ချည်နှောင်ပြီး အသက်ရှူရပ်ပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ စီစီတီဗွီရုပ်သံမှတ်တမ်းတွေမှာလည်း အဲဒီနေ့တွေမှာ သူတို့အိမ်တွင်းလာရောက် သူတဦးမှ ရှိမနေခဲ့ပဲ သူတို့ ၂ ဦးတည်းသာ ရှိနေခဲ့တာပါ။ ဖခင်ဖြစ်သူကတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သူဟာ ဇနီးဖြစ်သူနဲ့ ညပိုင်း ၈.၄၀ နာရီလောက်မှာ ဖုန်းအဆက်အသွယ်ရခဲ့တယ်လို့ ဆိုပါတယ်။ သမီးဖြစ်သူကတော့ အဲဒီနေ့မနက်ပိုင်းမှာ ကျောင်းသွားခဲ့ပြီး နေ့လယ့် ၁.၃၀ နာရီ လောက်မှာ ပြန်လာခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up