Home
မြန်မာသတင်း
စစ်ရှောင်ဒုက္ခသည်အရေး လွှတ်တော်တွင် အရေးကြီးအဆိုတင်မည်
DVB
·
May 8, 2016
စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာတွေအကူအညီ ရရှိရေးနဲ့ပတ်သက်လို့ မေ ၉ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းသွားမယ်လို့ ရသေ့တောင်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဒီဗွီဘီကို ပြောပါတယ်။ ဒေါ်ခင်စောဝေက “တိုက်ပွဲကြောင့် ထွက်ပြေးလာတာ အခုဆိုရင် ၁၇၀၀ ကျော်နေပြီ၊ တနေ့ထက်တနေ့ ဒုက္ခသည်တွေ တိုးလာနေတယ်။ သူတို့ စားဝတ်နေရေးက အရမ်းကို အရေးတကြီး လိုအပ်နေပါတယ်။ အခုဆိုရင်သောက်သုံးရေတွေက ဒုက္ခသည် စခန်းတွေမှာပြတ်လပ်နေပြီ၊ တနေ့က ထွက်ပြေးတိမ်းရှောင်လာတဲ့ လူတွေထဲမှာ ကိုယ်ဝန်သည်တွေ သုံးဦးပါလာတယ်။ နောက်ပြီး ကလေးတွေရဲ့ ကျန်းမာရေးပါ။ ဒါတွေအရမ်းကို အရေးကြီးနေပါတယ်။ ဒါကြောင့် ဒီအဆိုကို မနက်ဖြန် တနင်္လာနေ့ အရေးကြီး အဆိုတင်သွင်းသွားမှာပါ” လို့ ပြောပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့က လိုအပ်တဲ့ အကူအညီအထောက်ပံ့ရရှိနိုင်ရေးအတွက် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးဖို့ တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ကုလသမဂ္ဂနှင့် နိုင်ငံခြား အန်ဂျီအိုတွေဆီကနေ အကူအညီတွေ မရ ရှိသေးတဲ့အတွက် သူတို့ရဲ့ အကူအညီတွေကိုလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ ပြည်နယ်အစိုးရကတော့ ရသေ့တောင်နဲ့ ဘူးသီးတောင် ဒုက္ခသည်စခန်းတချို့ကို ကူညီပေးခဲ့တာတွေ ရှိခဲ့ပေမယ့် ဒုက္ခသည်အများဆုံးရောက်ရှိလာတဲ့နေရာဖြစ်တဲ့ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်ဘက်တွေမှာ မရောက်ရှိခဲ့တာကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေဖြစ်နေရတယ်လို့ ပြောပါတယ်။ “လူမှုအဖွဲ့အစည်းတချို့၊ နိုင်ငံခြားမျိုးချစ်အသင်းအဖွဲ့တစ်ချို့ကကူညီမှုနဲ့ ရေတိုမှာအဆင်ပြေမှုတွေ ရှိနေတာပေါ့လေ။ ဒါပေမယ့် ရေရှည်အခြေအနေမှာမလွယ်တော့ဘူး။ စာသင်ကျောင်းတွေ ဖွင့်လာတော့မယ်။ ဒါကို ပြည်ထောင်စုအစိုးရ အနေနဲ့ မကူညီလို့မဖြစ်တော့ဘူးလေ။ အစိုးရသည်သာလျှင် ပြည်သူများဒုက္ခ ရောက်နေတဲ့အချိန်မှာ စောင့်ရှောက်ရဖို့ တာဝန်အပြည့်အ၀ရှိနေပါတယ်။” မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား ဧပြီ ၁၆ ရက်နေ့ကနေ မေလ ၆ ရက်နေအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်တွေမှာ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၁၇၀၀ ကျော် ခိုလှုံနေကြရပါတယ်။ ၀ဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024